
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သဲချောင်းကြီးရွာကို စစ်ကောင်စီဘက်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ-၄ ကနေ သိရပါတယ်။
အောက်တိုဘာ ၅ ရက်၊ ညနေ ၅ နာရီ ၅၆ မိနစ်လောက်မှာ စစ်ကောင်စီဘက်က K8W ဂျက်ဖိုက်တာနဲ့ သဲချောင်းကြီးရွာကို ပေါင် ၂၅၀ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုကြောင့် သဲချောင်းကြီးကျေးရွာရှိ အသက် ၉၁ နှစ်အရွယ် ဒေါ်ကျင်အေး၊ အသက် ၅၀ နှစ်အရွယ် ဒေါ်မာမာ၊ အသက် ၁၀ နှစ်အရွယ် မသီရိနိုင်နဲ့ အသက် ၅၈ နှစ်အရွယ် ဦးစိုးတို့ ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ် ၂ လုံး ပျက်စီးသွားတယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်မှ ပဒိုစောအယ်နားဆီက သိရပါတယ်။
အခုလက်ရှိမှာတော့ လေကြောင်းတိုက်ခိုက်မှုကြောင့် သဲချောင်းကြီးရွာရှိ ဒေသခံတွေ အထိတ်တလန့် ဖြစ်နေကြတယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေက ပြောပါတယ်။
စစ်ဘေးရှောင်တွေနဲ့ပတ်သက်ပြီး ကူညီပေးနေသူတယောက်က “အခုကတော့ ပြည်သူတွေ လေယာဥ်သံကြားရင် ကြောက်နေတာမျိုးတော့ ရှိတယ်။ ပြည်သူတွေအနေနဲ့ လေကြောင်းရန်နဲ့ ပတ်သက်ပြီး ဆောင်ရန် ရှောင်ရန် အချက်လေးတွေကို ကြိုပြီးလေ့လာထားကြဖို့၊ ဗုံးခိုကျင်းတွေ တူးထားကြဖို့နဲ့ လေယာဥ်လာရင် မပေါ့ဆကြဖို့ တိုက်တွန်းချင်ပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၄ ယောက်ထဲမှာ အသက် ၁၀ နှစ်အရွယ် ကလေးမလေးတယောက်ကတော့ စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။