ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မန်စင် (ခ)ပဇီကျေးရွာအုပ်စု၊ မိုက်ဟုန်းရွာကို အောက်တိုဘာ ၇ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တယောက် အပါအဝင် ဒေသခံ ပြည်သူ ၁၀ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လေယာဉ်ဗုံးကြောင့် ၂ နှစ်အရွယ် ကလေးငယ်နဲ့ အမျိုးသား ၄ ယောက်၊ အမျိုးသမီး ၅ ယောက် စုစုပေါင်း ၁၀ ယောက်ထိမှန် သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံက ပြောပါတယ်။
“ကျောက်မဲ မိုင်းလုံအနီး ပဇီ မရောက်ခင် မိုက်ဟုန်းရွာမှာ အောက်တိုဘာလ ၇ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲခန့်က လေကြောင်း ဗုံးကြဲ တိုက်ခိုက်လို့ ကလေး အပါအဝင် ၁၀ ယောက် သေဆုံးတယ်။”
မိုက်ဟုန်းမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပေါင် ၂၅၀ ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ယောက်အပါအ၀င် ပြည်သူ ၁၀ ယောက် သေဆုံးခဲ့ပြီး ၃ ယောက် ထိမှန်ဒဏ်ရာရခဲ့ကာ နေအိမ် ၆ လုံးလည်း ထိမှန် ပျက်စီးသွားခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထား ပါတယ်။
အောက်တိုဘာ ၇ ရက် တရက်တည်းမှာ မနက်ပိုင်းမှာလည်း ကျောက်မဲခရိုင်၊ နမ္မတူမြို့၊ ရပ်ကွက် ၈ ရှိ ပုဗ္ဗာရုံ ဘုန်းကြီးကျောင်းကို စစ်တပ်က ဂျက်တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး တလုံး လာရောက် ကြဲချ တိုက်ခိုက်ခဲ့လို့ ၂ ထပ်ဆောင် ထိမှန် ပျက်စီးသွားခဲ့ပါတယ်။