
ကော့ကရိတ်-မြဝတီ (အာရှ) လမ်းနဲ့ သင်္ကန်းညီနောင်ကို စစ်ကောင်စီတပ်က ပြန်လည် ထိန်းချုပ်ပြီးနောက် မြဝတီမြို့မှာ နယ်မြေစိုးမိုးနိုင်ဖို့နဲ့ စစ်မှုထမ်း တပ်သားသစ်အတွက် လူငယ်တွေကို နေ့တိုင်း ဖမ်းဆီးနေပါတယ်။
စက်တင်ဘာ ၆ ရက်က စစ်ကောင်စီတပ်က ကော့ကရိတ်-မြဝတီ (အာရှ) လမ်းနဲ့ သင်္ကန်းညီနောင်ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။
ဒါ့အပြင် ဆက်လက်ပြီး မြဝတီ မိန်းလမ်းမနဲ့ အာရှလမ်းမပေါ်က ဂိတ်တွေမှာ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့တွေက လုံခြုံရေး ပူးတွဲရယူခဲ့ပါတယ်။ ဆက်လက်ပြီး စစ်ကောင်စီတပ်က နယ်မြေစိုးမိုးနိုင်ဖို့နဲ့ စစ်မှုထမ်း တပ်သားသစ်အတွက် လူငယ်တွေကို နေ့စဉ် ဖမ်းဆီးတာတွေ ရှိနေတယ်လို့ မြို့မိမြို့ဖတွေက ပြောပါတယ်။
မြို့မိမြို့ဖတယောက်က “မသင်္ကာတဲ့လူတွေဆိုရင် ဖမ်းဆီးတာတွေ၊ အရေးယူတာတွေ၊ တရားဥပဒေနဲ့ မညီညွတ်တဲ့ လုပ်ရပ်တွေ နည်းအမျိုးမျိုးနဲ့ လုပ်နေတယ်။ ကျနော်တို့ တိုင်းရင်းသားဒေသတွေမှာကော ဒီစစ်နယ်မြေတွေမှာ ရှိနေတဲ့ မြို့ရွာနဲ့ နီးစပ်တဲ့ နေရာတွေမှာ သူတို့မထင်ရင် မထင်သလို ပြန်ပေးဆွဲတာတွေ၊ စစ်မှုထမ်း(ပစ) ခေါ်ဆောင်တာတွေ၊ ဖမ်းဆီးတာတွေ၊ လူပျောက်တွေ အများကြီး တွေ့နေရတယ်။ မြဝတီမှာဆို ည ၉ နာရီကျော် ၁၀ နာရီထိုးတာနဲ့ အဖွဲ့အစည်းကားတွေ သူတို့စုပေါင်းပြီးတော့ ကင်းလှည့်တယ်ဆိုပြီး အကြောင်းပြပြီးတော့ လူငယ်တွေကို ဖမ်းဆီးတာတွေ၊ တချို့ အလုပ်ချိန်နောက်ကျပြီးပြန်တဲ့ လူငယ်တွေ ရှိတယ်။ အဲဒီလူငယ်တွေ ဖမ်းဆီးခံရတာတွေ၊ စစ်မှုထမ်းဥပဒေနဲ့ ခေါ်သွားတာတွေ အများကြီး ကြုံတွေ့နေရတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက် ညပိုင်းက မြဝတီမြို့မှာ ည ၉ နာရီကနေ မနက် ၅ နာရီအထိ ညမထွက်ရအမိန့် လိုက်လံကြေညာခဲ့ပါတယ်။
စစ်ကောင်စီတပ်က မြဝတီမြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် မသင်္ကာလို့ ဖမ်းဆီးခံရတာ၊ ပျောက်ဆုံးတာ၊ စစ်မှုထမ်းအတွက် အဓမ္မ ဖမ်းဆီးခံရတဲ့ လူငယ် ၅၀ ကနေ ၁၀၀ ကြား ရှိပါတယ်။
မြို့ခံတယောက်က “ညဘက် ညဘက်ကျရင်လည်း တိတ်တိတ်နဲ့ ပျောက်သွားတဲ့ ကလေးတွေ အများကြီးရှိတယ်။ ဆွဲခေါ်ခံရတာ အဲလိုမျိုး။ ကျမတို့ငယ်ငယ်က ပေါ်တာပုံစံလိုပေါ့။ လမ်းမှာတွေ့ရင် ကောက်တင်သွားလိုက်တယ်။ ငယ်ရွယ်တဲ့ ကလေးတွေက ဘာမသိ ညာမသိ အပျော်အပါးမက်တဲ့ ကလေးရှိတယ်။ သူငယ်ချင်းအိမ်သွားမယ်၊ ဘာသွားမယ်၊ ကျူရှင်သွားမယ်၊ အဲလိုတွေရှိတာပေါ့။ လူပြတ်တယ်ဆိုရင် ကောက်တင်သွားလိုက်ရင် ဘယ်သူတင်သွားလဲဆိုတာ မသိတော့ဘူး။ တခါတည်းပျောက်ပြီဆိုရင် မတွေ့တော့တာ။ အဲလိုတွေရှိတယ်” လို့ ပြောပါတယ်။
မြဝတီမြို့ပေါ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ ဆယ်အိမ်မှူးတွေ၊ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တွေ ပူးပေါင်းပြီး လူငယ်တွေကို ဖမ်းဆီးနေတာလို့ စစ်တပ်နဲ့နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“လက်ရှိ မြို့ပေါ်မှာ BGF လို့တော့ ထင်ရတယ်။ ဒါပေမဲ့ ဘက်တံဆိပ်ကတော့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဆိုတာ တဖွဲ့ရှိတယ်။ ပလကဖလို့ ခေါ်တယ်။ အဲဒီအဖွဲ့ကနေပြီးတော့ ရပ်ကွက်လူကြီးတွေ၊ ဆယ်အိမ်မှူးတွေနဲ့ ပေါင်းပြီးတော့ လိုက်ဖမ်းတာ။ ပြောမယ်ဆိုရင် မြဝတီမြို့ပေါ်မှာရှိတဲ့ မြို့ခံကလေးတွေ မဟုတ်ဘူး။ တခြားမြို့ကနေ လာပြီးတော့ လုပ်စားကိုင်စားတဲ့သူတွေ။ လူမသိ သူမသိဟာတွေ။ အဲဒီဟာတွေကို ဖမ်းတာများတယ်။ ဖမ်းတဲ့ အရေအတွက် အတိအကျကိုတော့ မသိရဘူး။ ကြားမှာ ပျောက်နေတာ မသိတဲ့သူတွေလည်း ရှိမှာပေါ့။ မြဝတီကို စစ်တပ်က ထိန်းချုပ်ပြီးမှ ပိုဆိုးလာတယ်။”
စစ်ကောင်စီက လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ ရွေးကောက်ပွဲ အပိုင်း ၁ ကို ကျင်းပသွားမှာဖြစ်ပြီး ကရင်ပြည်နယ်မှာတော့ ဘားအံ၊ မြဝတီနဲ့ သံတောင်ကြီး မြို့နယ် ၃ ခုမှာ ပြုလုပ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် ရွေးကောက်ပွဲအတွက် နယ်မြေစိုးမိုးမှု အပြည့်အဝရရှိနိုင်ဖို့နဲ့ ဆုံးရှုံးထားတဲ့ တပ်စခန်းတွေကို ပြန်လည်ရယူဖို့ မြဝတီမြို့တောင်ဘက်ကို စစ်ကြောင်းထိုးနေပါတယ်။
အောင်ခန့်