
မြန်မာ-ထိုင်းနယ်စပ်၊ ထားဝယ်ခရိုင်၊ ထီးခီးရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးသီး ၄၀ ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်ဆီက သိရပါတယ်။
ဒီကနေ့ အောက်တိုဘာ ၈ ရက် မနက် ၉ နာရီကျော်လောက်မှာ စစ်တပ်က လေကြောင်းနဲ့ အကြိမ်ရေ ၁၀ ကြိမ်အတွင်းမှာ ဗုံးသီး ၄၀ကျော် ကြဲချခဲ့တယ်လို့ သိရပါတယ်။
KNU မြိတ်-ထားဝယ်ခရိုင်၊ အတွင်းရေးမှူး ပဒိုစောအယ်နားက “တခါကြဲရင် ဗုံးသီး ၄ လုံး ၅ လုံး ကြဲတာ။ အားလုံးပေါင်းဗုံးသီး ၄၀ကျော်၊ ၅၀ နီးပါးလောက်ရှိမယ်။ အခုလက်ရှိမှာတော့ ပြည်သူတွေ ကြောက်လန့်ပြီး တိမ်းရှောင်နေရတယ်” လို့ ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူမရှိဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်ရာမှာ Y12 လေယာဥ်အမျိုးအစားနဲ့ ၁၂၀-မမ ဗုံးသီးတွေကို အသုံးပြုခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်ဆီက သိရပါတယ်။
ထိုင်း-မြန်မာနယ်စပ် ထီးခီးနယ်စပ်စခန်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄ နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဒီနှစ်၊ မေ ၉ ရက်နေ့မှာ သိမ်းပိုက်ရရှိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာဖြစ်ပါတယ်။