
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်ထဲက စစ်ကောင်စီဂိတ်စခန်းကို အောက်တိုဘာ ၄ ရက် ညနေ ၅ နာရီဝန်းကျင်မှာ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်သားနဲ့ ရဲ ၄ ယောက် သေဆုံးကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းက အောက်တိုဘာ ၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက “ပွင့်ဖြူမြို့နယ်ထဲမှာရှိတဲ့ မဲဇလီ-ဆည်တော်ကြိုးတံတားမှာရှိတဲ့ စစ်တပ်ဂိတ်စခန်းကို ကျနော်တို့ဘက်က မဟာမိတ်တပ်ဖွဲ့တွေ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြတာ” လို့ ပြောပါတယ်။
မဲဇလီ-ဆည်တော်ကြိုးတံတားဆိုတာ ပွင့်ဖြူမြို့နယ်ထဲက ပုသိမ်-မုံရွာကားလမ်းပေါ်မှာရှိပြီး ပွင့်ဖြူနဲ့ ၁၆ မိုင်လောက် ကွာဝေးပါတယ်။
အဲဒီတိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းနဲ့အတူ မင်းဘူးခရိုင် ပကဖ၊ ပွင့်ဖြူမြို့နယ် ပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။
မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်း တာဝန်ရှိသူက “သူတို့ဘက်က အင်အားကတော့ ၁၀ ယောက်ဝန်းကျင်ရှိမယ်။ ကျနော်တို့ဘက်က ညနေ ၅ နာရီလောက်မှာ စပစ်တာ၊ သူတို့ဘက်က ဘန်ကာထဲကနေ ခံပစ်နေတော့ ညနေ ၆ နာရီခွဲလောက်မှ စခန်းသိမ်းနိုင်တာ။ နှစ်ဖက်ပစ်ခတ်မှုက ၁ နာရီခွဲလောက် ကြာခဲ့တယ်ပေါ့ဗျာ။ သူတို့ဂိတ်စခန်းထဲကို ဝင်ရှင်းတဲ့အခါမှာ သေတဲ့သူတွေကို မျက်မြင်တွေ့ခဲ့တာ ၄ ယောက်ပါ။ သေတဲ့အထဲမှာ အရာရှိတွေပါ၊ မပါ ဆိုတာတော့ အတည်မပြုနိုင်သေးဘူး။ ကျန်တဲ့သူတွေက ထွက်ပြေးသွားကြတာပါ။ ကျနော်တို့ဘက်ကတော့ ထိခိုက်ဒဏ်ရာရတဲ့သူ မရှိဘဲနဲ့ သူတို့ဆီက လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်တွေကို အေးအေးဆေးဆေး သိမ်းဆည်းပြီး ပြတ်ဆုတ်လာခဲ့ကြတာပါဗျ” လို့ ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း G3 သေနတ် ၃ လက်၊ Uzi သေနတ် ၃ လက်အပြင် ကျည်အတောင့်ရေ ၁,၈၀၀ နီးပါးနဲ့ တခြားစစ်အသုံးအဆောင်တွေလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလကုန်ပိုင်းမှာလည်း အဆိုပါ မဲဇလီ-ဆည်တော်ကြိုးတံတားမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ဂိတ်စခန်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက်ထက်မနည်း သေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့လည်း မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းဆီကနေ သိရပါတယ်။