
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ တအာင်းဒေသကို အောက်တိုဘာ ၁ ရက်မှ ၉ ရက်အတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၁၄ ကြိမ် ပြုလုပ်ခဲ့တယ်လို့ TNLA က အောက်တိုဘာ ၁၆ ရက် ဒီကနေ့ ထုတ်ပြန်ပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၂၇ ယောက် သေဆုံးခဲ့ပြီး ၃၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီဟာ မြေပြင်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ နမ္မတူ၊ မန်တုံ၊ သီပေါ၊ မိုင်းလုံ၊ မိုင်းငေါ့၊ မိုးကုတ်၊ မိုးမိတ် စတဲ့မြို့နယ်တွေအတွင်းက အရပ်သားပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းနဲ့ ဦးတည်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားတဲ့ သီတင်းကျွတ်လပြည့်နေ့မှာလည်း အများပြည်သူ ကောင်းမှုကုသိုလ်ပြုလုပ်တဲ့ ဘုန်းကြီးကျောင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဟာ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုကို ပေါ်ပေါ်ထင်ထင် ကျူးလွန်နေတာလို့ ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိသူတွေထဲ အသက် ၁၃ နှစ်အောက် ကလေးတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
၂၀၂၅ ခုနှစ်မှာ စက်တင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁၈ ကြိမ်ရှိပြီး သေဆုံးသူ ၂ ယောက်၊ ထိခိုက်ဒဏ်ရာရရှိသူ ၇ ယောက်နဲ့ နေအိမ်၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဌာနဆိုင်ရာရုံးတွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။