Home
မြန်မာသတင်း
တောင်ကြီးနှင့် အေးသာယာတွင် လိုင်စင်မဲ့ကား အစီး ၁၀၀ ကျော် ဖမ်းဆီးခံရ
DVB
·
October 16, 2025

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နဲ့ အေးသာယာမှာ အောက်တိုဘာ ၁၅ ရက် တရက်တာ အတွင်း လိုင်စင်မဲ့ကား အစီး ၁၀၀ ကျော် ဖမ်းဆီးခံရပြီး ပြန်ရွေးလို့မရဘူးလို့ မြို့ခံတွေက ပြောပါတယ်။

တောင်ကြီးမြို့ရဲ့ မိန်းလမ်းနေရာအနှံ့ ပိတ်ဆို့ဖမ်းဆီးတာ၊ မြို့အဝင်အထွက်နေရာတွေမှာ ဖမ်းဆီးတာကြောင့် လိုင်စင်မဲ့ကား အစီးရေ ၄၀ ကျော် ဖမ်းဆီးခံရပြီး ကားအမျိုးအစားတွေက Honda ထဲက Ge6၊ Gp1၊ Freed၊ Gk3 တွေနဲ့ Toyota ထဲက Wish၊ Crown အမျိုးအစားတွေ ဖမ်းခံရတယ်လို့ သိရပါတယ်။

အေးသာယာကနေ တောင်ကြီးကို တက်တဲ့ ‘ရှမ်း​ပြည်နယ် တောင်ကြီးမြို့မှ ကြိုဆိုပါ၏’ ဆိုင်းဘုတ်နားမှာလည်း ဖမ်းဆီးတာကြောင့် လုပ်ငန်းသုံးကားတွေဖြစ်တဲ့ Hijet၊ Mazada Bongo အမျိုးအစားတွေ အစီးရေ ၆၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။

ကားဖမ်းဆီးခံရသူတယောက်က “အလုပ်ကိစ္စနဲ့ အပြင်ထွက်လိုက်တာ ကားပါသွားတယ်။ ပြန်လည်းရွေးလို့မရဘူး။ မြို့ပြင်နားမှာ ပါသွားတာ”လို့ ပြောပါတယ်။

အေးသာယာ နောင့်အင်မီးပွိုင့်နားမှာလည်း ဆိုင်ကယ်တွေပါ ဖမ်းဆီးခံရပြီး ဖမ်းခံရတဲ့ဘီးတွေက Wave 100၊ Click 125၊ Click 150 တွေ ပါသွားတယ်လို့ ဆိုပါတယ်။

မြို့ခံတယောက်က “မနေ့က ကားတွေအများကြီး ပါသွားတယ်ကွာ။ တန်ဆောင်တိုင်ပွဲရှေ့ ဆိုတော့ စီမံချက် ဘာညာနဲ့ ဖမ်းတာနေမှာပေါ့”လို့ ပြောပါတယ်။

ဈေးနေ့မလို့ ကုန်သည်တွေဆီကို ပစ္စည်းတက်ပို့ဖို့ လုပ်ကြတဲ့ကားတွေပါ တန်ဆောင်တိုင်ပွဲမစခင် စီမံချက်ဆိုပြီး ဖမ်းဆီးခံရတာကြောင့် စီးပွားရေး လုပ်ကိုင်စားသောက်ဖို့ပါ အခက်အခဲတွေ ရှိလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်မှာလည်း လိုင်စင်မဲ့ကား အစီးရေ ၈၀ ကျော် ဖမ်းဆီးခံရကာ ဖမ်းခံရတဲ့အထဲ စစ်တပ်နဲ့ဆက်စပ်သူတွေရဲ့ ကားတွေပါပေမယ့် သူတို့ကတော့ ပြန်ရွေးလို့ရတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013