Home
မြန်မာသတင်း
စစ်တပ်လုပ်မည့် ရွေးကောက်ပွဲကို UWSA က အားပေးထောက်ခံမည်
DVB
·
October 16, 2025

လာမယ့် ဒီဇင်ဘာလမှာ အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို အားပေး ထောက်ခံသွားမယ်လို့  ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းက ပြောပါတယ်။

အောက်တိုဘာ ၁၅ ရက် နေပြည်တော်မှာ ကျင်းပတဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောစာချုပ် (NCA)  ၁၀ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားမှာ မီဒီယာတွေရဲ့ မေးမြန်းမှုကို သူက ပြန်ဖြေခဲ့တာပါ။

ဦးညီရမ်းက “ကျနော်တို့ ‘ဝ’ အဖွဲ့ UWSA ရဲ့ သဘောထားအနေနဲ့ကတော့ ရွေးကောက်ပွဲကို အားပေး ထောက်ခံသွားမယ်ဆိုတဲ့ သဘောထားပဲ ပေးလိုပါတယ်” လို့ ပြောပါတယ်။

မနေ့ မနက်ပိုင်း နေပြည်တော် MICC 1 မှာ ကျင်းပတဲ့ NCA ၁၀ နှစ်ပြည့် အခမ်းအနားကို NCA လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့ UWSA အပြင် မိုင်းလားအဖွဲ့လည်း တက်ရောက်လာတာ တွေ့ရပါတယ်။

စစ်ကောင်စီက ဒီဇင်ဘာလကုန်ပိုင်းမှာ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေပြီး နိုင်ငံတဝန်းက တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေကို ထိုးစစ်ဆင်တာတွေ၊ လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေလို့ ဒေသခံအမြောက်အမြား ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတာပါ။

အဲဒီလို စစ်ဘေးရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ မိမိရောက်ရှိနေတဲ့ နေရာဒေသတွေကနေ မဲထည့်ရဖို့ ရှိနေပြီး လက်ရှိမှာတော့ စစ်တပ်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က မဲစာရင်း ထုတ်ပြန်နေပြီး အဲဒီမဲစာရင်းတွေမှာ အမှားအယွင်းတွေ အမြောက်အမြား ရှိနေတယ်လို့ ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

လက်ရှိမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက ဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် ပြည်သူအမြောက်အမြားဟာ ဘေးလွတ်ရာဒေသတွေဆီ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

အဲဒီအခြေအနေတွေကို တည်ငြိမ်လာအောင် UWSA အနေနဲ့ ဘယ်လိုကူညီပေးသွားဖို့ ရှိသလဲလို့ မီဒီယာတွေရဲ့ မေးမြန်းမှုကိုတော့ ဦညီရမ်းက ဖြေဆိုဖို့ ငြင်းဆိုပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ကွက်ကျားငြိမ်းချမ်းနေလို့ မဖြစ်ဘဲ တနိုင်ငံလုံး အတိုင်းအတာနဲ့ ငြိမ်းချမ်းဖို့ လိုတယ်လို့လည်း သူက မှတ်ချက်ပြုသွားပါတယ်။

“ကွက်ကျားငြိမ်းချမ်းတာ မဟုတ်ဘဲနဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အမြန်ဆုံးငြိမ်းချမ်းဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။”

စစ်အုပ်စုက ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲကို ဝင်ပြိုင်ဖို့ ပါတီ ၆၀ နီးပါးက ပြင်ဆင်နေကြပြီး လွှတ်တော်အမတ်လောင်း အရေအတွက်အနေနဲ့ ၅,၀၀၀ ကျော် အမည်စာရင်း တင်သွင်းထားတယ်လို့ UEC က ထုတ်ပြန်ထားပါတယ်။

ပါတီတွေ မဲဆွယ်စည်းရုံးဖို့ ကာလသတ်မှတ်ချက် အနေနဲ့ အောက်တိုဘာ ၂၈ ရက်ကနေ ဒီဇင်ဘာ ၂၆ ရက်အထိ သတ်မှတ်ပေးထားတဲ့အကြောင်းလည်း UEC က အောက်တိုဘာ ၁၅ ရက်မှာ ထုတ်ပြန် အသိပေးထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013