
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က ဇရပ်ကုန်းရွာကို အောက်တိုဘာ ၁၅ ရက် ဒီနေ့မနက် ၈ နာရီကျော်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ဒေသခံ ၂၀ နီးပါး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကူညီနေသူတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဂျက်ဖိုက်တာပေါ်ကနေ တိုက်ပွဲဖြစ်ပွားနေတာမရှိတဲ့ ဇရပ်ကုန်းရွာကို ဗုံးသီး ၁၀ လုံးထက်မနည်း ပစ်ချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၀ နှစ်အရွယ်ကနေ ၄၀ ကျော်အရွယ်ရှိတဲ့ ဇရပ်ကုန်းရွာ ဒေသခံ ၂၀ နီးပါး ဒဏ်ရာရပြီး ဆေးကုသနေရတယ်လို့ မြောင်ဒေသခံတယောက်က DVB ကို ပြောပါတယ်။
“ဒဏ်ရာရတဲ့အထဲမှာ အသက် ၃၀ အရွယ် အမျိုးသမီးကတော့ တော်တော်လေး ပြင်းထန်တယ်။ အသက်အန္တရာယ်လည်း စိုးရိမ်ရတယ်။ သူ့ကိုတော့ စောင့်ကြည့်နေရတာပေါ့။ ကျန်လူတွေကတော့ လက်တို့၊ ခေါင်းတို့ကို ဗုံးစစိုက်ဝင်ကြတာ။ သူတို့လည်း ဒဏ်ရာရကြပေမဲ့ သိပ်မပြင်းထန်ဘူးပေါ့ဗျာ။”
ဒေသခံတွေ ထိခိုက်ဒဏ်ရာရတာအပြင် ဇရပ်ကုန်းရွာက ဘုန်းကြီးကျောင်းဆောင် အပါအဝင် နေအိမ် ၁၀ လုံးထက်မနည်းလည်း ထိခိုက်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
၂၀၁၄ သန်းခေါင်စာရင်းအရ ဇရပ်ကုန်းရွာဟာ အိမ်ခြေ ၁,၀၀၀ ကျော်နဲ့ လူဦးရေ ၄,၀၀၀ ကျော် နေထိုင်ပြီး ဒေသခံတွေအများစုဟာ လေကြောင်းရန်ကို စိုးရိမ်တာကြောင့် နေရပ်ရွှေ့ပြောင်း နေထိုင်ဖို့ ပြင်ဆင်နေကြတယ်လို့ ဆိုပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေရဲ့ နာမည်နဲ့ အသေးစိတ် အချက်အလက်ကိုတော့ DVB အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
၂၀၂၄ ခုနှစ် အောက်တိုဘာလကလည်း ဇရပ်ကုန်းရွာကို လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် သက်ကြီးရွယ်အိုနဲ့ အမျိုးသမီးတွေ အပါအဝင် အရပ်သား ၆ ယောက် သေဆုံးပြီး နောက်ထပ် ၁၀ ယောက် ဗုံးစထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။