Home
မြန်မာသတင်း
လွိုင်ကော်အနီး စစ်ရှောင်များကို ရွေးကောက်ပွဲမတိုင်ခင် နေရပ်ပြန်ရန် စစ်တပ် စည်းရုံး
DVB
·
October 15, 2025

ကရင်နီ(ကယား) ပြည်နယ်၊ လွိုင်ကော်မြို့နားတဝိုက်က  စစ်ဘေးရှောင်ပြည်သူတွေကို  လာမယ့် ဒီဇင်ဘာလ ရွေးကောက်ပွဲ မတိုင်ခင်နေရပ်ပြန်ဖို့ စစ်ကောင်စီတပ်က လိုက်လံစည်းရုံးနေပါတယ်။ 

ဒီဇင်ဘာမှာကျင်းပမယ့် ရွေးကောက်ပွဲအပိုင်း (၁)ကို ကရင်နီပြည်နယ် မြို့တော်လွိုင်ကော်နဲ့ ဘောလခဲမြို့  ၂ မြို့မှာ  ကျင်းပနိုင်ဖို့ စစ်ကောင်စီက ပြင်ဆင်နေတာပါ။ 

ဒါကြောင့် လွိုင်ကော်အနီးနားက စစ်ကြောင်းထိုးပြီးသွားတဲ့ ကျေးရွာတွေရှိ စစ်ရှောင်တွေကို ရွေးမကောက်ပွဲမတိုင်ခင် နေရပ်ပြန်ကြဖို့နဲ့ လူပြန်မနေတဲ့အိမ်တွေကို ချိပ်ပိတ်မှာဖြစ်တဲ့အကြောင်း ဒီရက်ပိုင်းအတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက လိုက်လံနှိုးဆော်နေတယ်လို့  စစ်ရှောင်တွေဆီကနေ သိရပါတယ်။

ဒီးမော့ဆို စစ်ရှောင်ပြည်သူတယောက်က “ဒီးမော့ဆို၊ ဒေါငံခါးတို့ အရှေ့တကြောလုံး အကုန်လုံး ပြန်လာခိုင်းတယ်‌နော်။ ပြန်မလာတဲ့အိမ်တွေကို ချိပ်ပိတ်မယ်လို့လည်း  ခြိမ်းခြောက်ထားတာ ရှိတယ်နော်။ ပြီးတော့ ဘုရားဖြူ ဘုရားနီဘက် တကြောရယ်။ ဒီလွိုင်ကော်အထွက် အဲဒီဘက်တကြောလည်း ပြန်လာခိုင်းတယ်။ သူတို့က ပြန်လာခိုင်းပြီးတော့  သူတို့လက်ထဲမှာပေါ့နော် သူတို့ လုပ်ချင်သလို လုပ်မှာပဲ။  ဒါပေမဲ့ လောလောဆယ်တော့ အချိုသတ်တာပေါ့ ပြည်သူတွေကို” လို့ ပြောပါတယ်။

ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံဘက်အခြမ်းမှာလည်း အလားတူ စစ်ရှောင်တွေကို အိမ်ပြန်ခိုင်းနေပြီး မိုးဗြဲနဲ့ ဖားဆောင်းဘက်ကနေ ထွက်ပြေးလာရတဲ့ စစ်ရှောင်တွေလည်း မဲစာရင်းကြည့်ဖို့နဲ့ မဲထည့်ဖို့အတွက် နေရပ်ပြန်နိုင်ဖို့ စစ်တပ်ဘက်က တာဝန်ယူပေးမယ်ဆိုပြီး စစ်ရှောင်စခန်းတွေမှာ လိုက်လံစည်းရုံးနေတာပါ။

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ ကောက်ယူထားတဲ့ စာရင်းအရ အာဏာသိမ်းထားတဲ့ ၄ နှစ်ကျော်ကာလအတွင်း ကရင်နီမှာ စစ်ရှောင်ဦးရေ ၂ သိန်းခွဲဝန်းကျင်နဲ့ စစ်ရှောင်စခန်းပေါင်း ၄၀၀ ကျော်ရှိပါတယ်။

လွိုင်ကော် စစ်ရှောင်တယောက်က “စစ်ရှောင်က အများကြီးရှိတယ်လေနော်။ ဖယ်ခုံနယ်၊ မိုးဗြဲနယ်၊ နောက်ဆုံး ဖားဆောင်းကဟာတွေပါ ဒီမှာ စစ်ရှောင်တာရှိတယ်။ အဲဒါတွေက သူ့နယ်အလိုက် ဖားဆောင်း က ထည့်တာ၊ မိုးဗြဲ က ထည့်တာ၊ ဖယ်ခုံ က ထည့်တာ။ စစ်ရှောင်တွေက အကုန်လုံး ဒီကနေ ထည့်ပေးရမှာ မဲကို။ အခု ငွေတောင်မှာ စစ်ရှောင်တွေကို ဟိုတနေ့က အစည်းအဝေးလာခေါ်တယ်။ ထွေအုပ်ကနေ အစည်းအဝေးတက်ရတယ်၊ တက်ရတဲ့အခါကျတော့ ငွေတောင်မှာ ပြန်နေလို့ရပြီ၊ မီးတွေလည်း လုပ်ပေးနေတယ်၊ ပြန်လို့ရှိရင် ဘာမှမပူနဲ့။ သူတို့ကိုယ်တိုင် အိမ်တိုင်ရာရောက်လိုက်ပို့ပေးမယ် သူတို့က အဲဒီလိုပြောတာ”လို့ ပြောပါတယ်။

ရွေးကောက်ပွဲလုပ်မယ့် မြို့တော်လွိုင်ကော်မှာတော့ ရပ်ကွက်ရုံးတွေမှာ မဲစာရင်းကပ်ထားပြီး တအိမ် တယောက် မဖြစ်မနေ မဲစာရင်းလာကြည့်ဖို့နဲ့ မဲထည့်ဖို့  စည်းရုံးရေးတွေ စနေပြီ ဖြစ်ပါတယ်။

နာနတ်တောလိုရပ်ကွက်ကလွဲရင် လွိုင်ကော်မြို့ပေါ်က ရပ်ကွက်အများစုဟာ ပုံမှန်အနေထားမျိုးလို လူတွေ ပြန်နေနေကြပြီ ဖြစ်ပြီး လက်ရှိ လွိုင်ကော်မြို့ အခြေအနေတွေကို မြို့ခံတယောက်က ရှင်းပြပါတယ်။

လွိုင်ကော်မြို့ခံက “ရပ်ကွက်ထဲတောင်မှ အသံတိတ်ပြီး နေနေရတယ်ပေါ့နော်။ ခေါင်းငုံ့ပြီးတော့ အာဏာရှင် မကြိုက်လို့ ကျမတို့ တော်လှန်နေတာပဲ။ ဒါပေမဲ့ မဖြစ်မနေလို့သာ ပြန်လာပြီးတော့ အာဏာရှင်ဆန်ဆန်အောက်မှာ နေပြီးတော့ ပါးစပ်ပိတ်နေရတာပေါ့။  တခုခု အခန့်မသင့်ရင် ရန်ဖြစ်တာတို့ စကားများတာတို့ရှိခဲ့ရင် စစ်တပ်နဲ့ ရဲက အမြဲတမ်း ကင်းလှည့်နေတာ လှည့်လို့ သူတို့ကြားသွားခဲ့ရင် မထင်ရင် မထင်သလို ဆွဲခေါ်သွားတယ်။ ပြီးရင် ပိုက်ဆံနဲ့ရွေးခိုင်းတယ်။ အဓိက ပိုက်ဆံမက်တာလည်း ပါတာပေါ့။ ပိုက်ဆံ သိန်း ၃၀ နဲ့ ရွေးခိုင်းလိုက် ၂၀ နဲ့ ရွေးခိုင်းလိုက်၊ အမျိုးမျိုးပဲ မပေးနိုင်တဲ့ကောင်ဆိုရင် အပြစ်မရှိ အပြစ်ရှာပြီး ရိုက်နှိက်တာမျိုးတွေလည်း လုပ်တယ်။ ကံမကောင်းရင် စစ်တပ်ထဲတောင် ခေါ်သွားတယ်။ အဲဒီလိုပုံစံတွေ”လို့ ပြောပါတယ်။

စစ်တပ်ဟာ ဒီဇင်ဘာမှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် လက်လွတ်ဆုံးရှုံးထားရတဲ့ နယ်မြေတွေကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

လွိုင်ကော်မြို့နယ်အရှေ့ခြမ်း၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ဘောလခဲမြို့နယ်နဲ့ ကရင်နီ-ရှမ်းနယ်စပ် ဖယ်ခုံမြို့နယ်ဘက်တွေမှာ စစ်တပ်နဲ့ PNO ပြည်သူ့စစ်ပူးပေါင်းတပ်တွေက စစ်မျက်နှာ ၅ ခု ဖွင့်ပြီး  တက်လာတဲ့အတွက် တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ နေ့စဥ် တိုက်ပွဲတွေ ဖြစ်နေတယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

မောရစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024