
မာဒါဂတ်စကာမှာ Gen Z ဆန္ဒပြပွဲတွေကြောင့် သမ္မတက နိုင်ငံတွင်းကနေ ထွက်ပြေးသွားခဲ့သလို လွှတ်တော်မှာလည်း တရားဝင်စွပ်စွဲပြစ်တင်ပြီး ဖြုတ်ချခဲ့အပြီးမှာ စစ်တပ်က တာဝန်ယူသွားမယ်လို့ ပုန်ကန်မှုကို ဦးဆောင်ခဲ့တဲ့ အထူးတပ်ဖွဲ့ တပ်မှူး ဗိုလ်မှူးကြီး မိုက်ကယ်ရန်ဒရီယာနီရီနာက အတည်ပြုပါတယ်။
ရွေးကောက်ပွဲတွေ လုပ်ပေးမှာလားလို့ သတင်းထောက်တွေက မေးမြန်းခဲ့ရာမှာတော့ “ဒါပေါ့၊ ၁၈ လ အစောဆုံး၊ ၂၄ လ နောက်အကျဆုံး” ပဲလို့ အာဏာသိမ်း ဗိုလ်မှူးကြီးက ပြောပါတယ်။
အသွင်ကူးပြောင်းအစိုးရပုံစံမျိုးလားဆိုတဲ့ မေးခွန်းကိုလည်း “ဟုတ်ပါတယ်” လို့ ဖြေထားပါတယ်။
Gen Z ဆန္ဒပြသူတွေက သမ္မတ အန်ဒရေရာဂျိုလီနာ ရာထူးက ဆင်းပေးဖို့ တောင်းဆိုခဲ့ကြသလို တပ်တွင်းမှာလည်း ဘက်ပြောင်းပြီး ဆန္ဒပြသူတွေဘက်က ရပ်တည်သူ အများအပြား ရှိခဲ့ပေမဲ့ သမ္မတဘက်က ထွက်ဖို့ ငြင်းခဲ့ပါတယ်။
“ကျုပ်တို့ အာဏာသိမ်းလိုက်ပါပြီ” လို့ ဗိုလ်မှူးကြီး ရန်ဒရီယာနီရီနာက နိုင်ငံပိုင်ရေဒီယိုကနေ ကြေညာခဲ့ပြီး အောက်လွှတ်တော်ကလွဲလို့ မဏ္ဍိုင်အားလုံး ရပ်ဆိုင်းထားကြောင်း ကြေညာလိုက်ပါတယ်။
အထက်လွှတ်တော်၊ ဖွဲ့စည်းပုံဆိုင်ရာခုံရုံး၊ ရွေးကောက်ပွဲကော်မရှင်၊ ဟိုက်ကုတ်တရားရုံး၊ လူ့အခွင့်အရေးကောင်စီ တို့ကို ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။
တဖက်မှာတော့ ပြည်ပတိမ်းရှောင်သွားပြီလို့ ယူဆရတဲ့ သမ္မတက အောက်လွှတ်တော်ကို အမိန့်ဒီဂရီနဲ့ ဖျက်သိမ်းဖို့ ကြိုးစားခဲ့ပါတယ်။
တဖက်မှာလည်း လွှတ်တော်အမတ်တွေက သမ္မတကို စွပ်စွဲပြစ်တင်ပြီး ဖြုတ်ချခဲ့တာကြောင့် နိုင်ငံရေး လိပ်ခဲတည်းလည်း ဖြစ်နေချိန်မှာ စစ်တပ်က အာဏာသိမ်းလိုက်တာ ဖြစ်ပါတယ်။
သမ္မတ ရာဂျိုလီနာ ကိုယ်တိုင်ကလည်း ၂၀၀၉ အာဏာသိမ်းမှုအပြီးမှာ အာဏာရလာသူ ဖြစ်ပါတယ်။
ဗိုလ်မှူးကြီး ရန်ဒရီယာနီရီနာ ဦးဆောင်တဲ့ အထူးတပ်ဖွဲ့ CAPSAT ဟာ ၂၀၀၉ တုန်းက ရာဂျိုလီနာ အာဏာရဖို့ ကူညီပေးခဲ့သလို အခုအခါမှာလည်း သူတို့အဖွဲ့ကပဲ အာဏာပြန်သိမ်းလိုက်တာ ဖြစ်ပါတယ်။
Source: Reuters