Home
မြန်မာသတင်း
ချင်းပြည်နယ်၌ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေ 
DVB
·
October 14, 2025

ချင်းပြည်နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

ဟားခါးမြို့နယ်က ဗန်ဟားကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်က အောက်တိုဘာ ၁၃ ရက် မနက်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ် ၂ ယောက် သေဆုံးပြီး ကလေးငယ်တယောက်နဲ့ ဆရာမတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF) ဆီကနေ သိရပါတယ်။

မနေ့ မနက် ၁၀ နာရီခွဲမှာ ဟားခါးမြို့နဲ့ မိုင် ၃၀ လောက်ဝေးတဲ့ ဗန်ဟားကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ၊ ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တာပါ။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဗန်ဟားကျေးရွာ စာသင်ကျောင်းကို ထိခိုက်ခဲ့ပြီး ပထမတန်း ကျောင်းသား ကလေးငယ်တယောက်နဲ့ ပဉ္စမတန်းကျောင်းသားတယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “မနက် ၁၀ နာရီခွဲမှာ ကျောင်းလုပ်အားပေး ဆိုပြီးတော့ ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်နေတဲ့ အချိန်မှာ လာပစ်သွားတာပေါ့။ ဟားခါးမြို့နယ်က ဟားခါးမြို့ပေါ်က နယ်တွေအားလုံးက ကျနော်တို့ ထိန်းချုပ်ထားတဲ့နယ်တွေလို့ ပြောလို့ရပါတယ်။ အခုက ရွေးကောက်ပွဲဆိုတော့ ရွေးကောက်ပွဲလုံခြုံရေးအတွက်ဆိုပြီးတော့ ကျနော်တို့ စစ်ရေးမလုပ်ဘဲနဲ့ အနီးအနားမှာရှိတဲ့ ဒေသန္တရ ကာကွယ်ရေးတပ်ဖွဲ့တွေ ဟားခါးမြို့ထဲ မဝင်နိုင်အောင် ဆိုပြီး ကာထားတဲ့သဘောလည်း ဖြစ်နိုင်တယ်လို့ ကောက်ချက်ချလို့ရပါတယ်” လို့ ပြောပါတယ်။

ပြည်သူလူထု ပညာသင်ကြားနေတဲ့ ကျောင်းနဲ့ ကျောင်းသား ကျောင်းသူတွေကို ပစ်မှတ်ထားပြီး ဂျက်ဖိုက်တာတွေနဲ့ တိုက်ခိုက်ဖျက်ဆီးနေတာကြောင့် CDF-Hakha ဗဟိုကောင်စီနဲ့ ချိတ်ဆက်ထားတဲ့ ကျောင်းတွေအားလုံး နောက်ထပ် အကြောင်းကြားမှု မရှိမချင်း ယာယီပိတ်ထားဖို့ကိုလည်း CDF-Hakha ဗဟိုကောင်စီက အသိပေးထားပါတယ်။

ချင်းပြည်နယ်မြို့တော် ဟားခါးမြို့ပေါ်ကလွဲလို့ တခြားနယ်မြေတွေကို ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားတာပါ။

India For Myanmar အဖွဲ့မှ ဆလိုင်းဒိုခါရ်က “အောက်တိုဘာလ လဆန်းပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ Joint Operations Command အစည်းအဝေးမှာ လေကြောင်းတိုက်ခိုက်မှုတွေကို အရင်ထက် ၂ ဆ တိုးမြှင့်သွားဖို့၊ မြေပြင်မှာ လက်လွှတ်ဆုံးရှုံးထားရတဲ့ နယ်မြေတွေကို ရွေးကောက်ပွဲမတိုင်မီ အမြန်ဆုံး သိမ်းပိုက်နိုင်ရေး စစ်ဆင်ရေး စီမံချက်တွေ ရေးဆွဲခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး အခုလို ချင်းပြည်နယ်ကို လေကြောင်းတိုက်ခိုက်နေတာဟာလည်း အဲဒီရည်ရွယ်ချက်ကို အကောင်အထည်ဖော်နေတာ ဖြစ်တယ်လို့ ချင်းနိုင်ငံရေးလေ့လာသူတွေက ပြောကြပါတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ရွေးကောက်ပွဲ အောင်မြင်ပြီးလို့ တရားဝင်အစိုးရသာဖြစ်ရင် ပြည်သူအပေါ် ပိုပြီး ရက်စက်ယုတ်မာနိုင်တယ်လို့ ဆလိုင်းဒိုခါရ်က ပြောပါတယ်။

“သူတို့ရွေးကောက်ပွဲကို ပြည်သူတွေက မငြင်းရဲအောင် မဖြစ်မနေ ပူးပေါင်းလာအောင် ဖိအားမျိုး အသုံးချတယ်လို့ မြင်တယ်။ ဒါပေမဲ့ ဒီထက်မက ရွေးကောက်ပွဲကလည်း အောင်မြင်ပြီးတော့မှ တရားဝင်အစိုးရသဖွယ် ဖြစ်လာရင်တော့ ပိုပြီးတော့မှ ရက်စက်ရဲမယ်၊ ဆိုးရဲမယ်ဆိုတဲ့ အနေအထားမျိုး ဖြစ်တာပေါ့။ ဘာလို့လဲဆိုတော့ စစ်ကောင်စီက တကယ်ကို လူစိတ်မရှိတဲ့ ဟာမျိုးကို လုပ်နေတာဆိုတော့ တရားဝင်အစိုးရသဖွယ် အာဏာပေးမိရင်တော့ ပိုပြီးတော့မှ ရက်စက်ယုတ်မာလာမယ့် လက္ခဏာကို ကျနော်တို့ မြင်တွေ့နေရတယ်။”

အောက်တိုဘာ ၁၄ ရက် မနက် ၇ နာရီမှာ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မတူပီမြို့ပေါ်နဲ့ မွန်းလွဲ ၂ နာရီဝန်းကျင်မှာ တွန်းဇံမြို့တို့ကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။

အောက်တိုဘာ ၈ ရက်ကလည်း မင်းတပ်မြို့နယ်က ဝမ္မသူးကျေးရွာနဲ့ ထင်ချောင်းကျေးရွာတွေက စာသင်ကျောင်းတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက် ကျောင်းသား ၃ ယောက်နဲ့ မသန်စွမ်း အမျိုးသမီးတယောက် သေဆုံးပြီး ပြည်သူ ၂၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

သီရိ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013