ရှမ်းပြည်နယ် မြောက်ပိုင်း၊ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ အုန်းမစွမ်ကျေးရွာအုပ်စု၊ အုမ်းမစွမ်ရွာကို ဒီကနေ့ အောက်တိုဘာ ၁၄ ရက် မနက် ၇ နာရီကျော်ခန့်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံတယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတယောက်က “စစ်ကောင်စီတွေ နမ့်ဆန် အုမ်းမစွမ်ရွာကို ဒီမနက် ၇ နာရီ ၁၅ မိနစ်လောက်က လေယာဉ်နဲ့ ဗုံးကြဲသွားပါတယ်” လို့ ပြောပါတယ်။
ဒေသခံ အမျိုးသမီးတယောက်က “အုမ်းမစွမ်ရွာကို ဗုံးကြဲသွားတာ၊ နေအိမ် ၆ အိမ် ပျက်စီးသွားတယ်။ တဦး သေဆုံးပြီး၊ ၂ ဦး ဒဏ်ရာရပါတယ်” လို့ ပြောပါတယ်။
အုမ်းမစွမ်ရွာမှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဒီနေ့ အောက်တိုဘာ ၁၄ ရက် မနက် ၇ နာရီ ၁၅ မိနစ်ခန့်က ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ထားပါတယ်။