ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ ကယားရွာ (ကယားကြီး)ရှိ စာသင်ကျောင်းနဲ့ လူနေအိမ်တွေကို အောက်တိုဘာ ၁၃ ရက် မွန်းလွဲပိုင်းမှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနရဲ့ သတင်းထုတ်ပြန်ချက်နဲ့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့ နေ့လယ် ၁ နာရီဝန်းဂျင်မှာ ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ ဗုံး ၆ လုံး လာကြဲသွားတာလို့ ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။
ဗုံးတွေက စာသင်ကျောင်း၊ ရွာထဲ ရပ်ကွက် ၂ နဲ့ ရွာစွန်တွေဘက်မှာ ကျရောက်ခဲ့ပြီး အမျိုးသား တယောက် ညာဘက် လက်မောင်းမှာ အနည်းငယ် ထိခိုက်ဒဏ်ရာရခဲ့ကာ နေအိမ် ၆ အိမ် ထိခိုက်ပျက်စီးသွားတယ်လို့လည်း ပြောပါတယ်။
"အခုတောင်မှာ တရွာလုံး ဘယ်သူမှ မရှိတော့ဘူး။ ထွက်ပြေးကြပြီ။" လို့ ဒေသခံ အမျိုးသမီးက ပြော ပြပါတယ်။
စာသင်ကျောင်းကိုတော့ အခြေအနေ မကောင်းလို့ ပိတ်ထားတာကြာပြီဖြစ်လို့ လူ ထိခိုက်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ကယားကြီးရွာမှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ မနေ့ မွန်းလွဲ ၁ နာရီမှာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ စာသင်ကျောင်းတကျောင်းကို ဗုံးကြဲချတိုက်ခိုက်ခဲ့ EARinfo ကလည်း သတင်းထုတ်ထားပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီက တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ကို ဦးတည် ထိုးစစ်ဆင်နေပြီး သီပေါမြို့နဲ့ ၃ မိုင်ခန့်အကွာအထိ စစ်ကောင်စီတပ်တွေ ရောက်ရှိပါတယ်။
ကယားကြီးရွာမှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား ၁ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ထားပါတယ်။
အောက်တိုဘာလ ၁၃ ရက် နေ့လယ် ၁၂ နာရီ ၅၅ မိနစ် အချိန် ဂျက်တိုက်လေယာဉ်နဲ့ ပေါင် ၂၅၀ ဗုံး ၆ လုံး ကြဲခဲ့လို့ အသက် ၁၉ နှစ်အရွယ် မောင်အစော ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းဆောင် ၂ ဆောင်၊ နေအိမ် ၆ အိမ် ထိမှန်ပျက်စီးသွားခဲ့လို့ ဖော်ပြထားပါတယ်။
အောက်တိုဘာ ၁၂ ရက်ကလည်း ကျောက်မဲမြို့နယ်ထဲက တော့ဆန်ရွာ၊ လည်ကြီးရွာနဲ့ ပစီးရွာ တွေကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း PSLF/TNLA က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက် နေ့လယ် ၁၂ နာရီခွဲ ဝန်းကျင်ခန့်ကလည်း နမ့်ဆန်မြို့နယ်၊ ဇယ်တုန်ဟုန်းရွာကို စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ ပြည်သူ ကလေး ၂ ယောက် သေဆုံးခဲ့ပြီး ကလေးအပါအဝင် ၉ ယောက် ထိမှန်ဒဏ်ရာရခဲ့ကာ နေအိမ် ၁၆ အိမ် ထိမှန်ပျက်စီးသွား ပါတယ်။
အောက်တိုဘာ ၁ ရက်ကနေ ၁၁ ရက်အထိ မိုးကုတ်၊ မိုးမိတ်၊ ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ မန်တုံ၊ နမ့်ဆန်မြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေး ၇ ယောက် အပါအဝင် သေဆုံးသူ ၂၆ ယောက်နဲ့ ဒဏ်ရာရရှိသူ ၃၆ ယောက် ရှိခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်းကလည်း သတင်းထုတ်ထားပါတယ်။