မကွေးတိုင်း၊ မြိုင်နဲ့ ပေါက်မြို့နယ်အစပ်မှာရှိတဲ့ ရေနံမှော်နားကို အောက်တိုဘာ ၁၂ ရက် မနက် ၁၁ နာရီခွဲဝန်းကျင်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၁ ယောက် ဒဏ်ရာရခဲ့ပြီး နေအိမ်အဆောက်အအုံတချို့နဲ့ မော်တော်ယာဉ်တွေလည်း ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့တာဝန်ရှိသူက “ပေါက်နယ် အရှေ့မြောက်ဘက်ခြမ်းမှာရှိတဲ့ မြိုင်နဲ့ပေါက်မြို့နယ်အစပ်က လက်ပံတိုရေနံမှော်နားကို မုံရွာ နမခ ကနေ တက်လာကြတဲ့ ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်သွားတာ ဖြစ်ပါတယ်။ ပြည်သူ ၁ ယောက် ထိခိုက်တယ်၊ မစိုးရိမ်ရပါဘူး။ ပြည်သူပိုင် လူနေအိမ်အဆောက်အအုံတချို့နဲ့ ပြည်သူပိုင်မော်တော်ယာဉ်တချို့လည်း ထိခိုက်ပျက်စီးခဲ့ပါသေးတယ်” လို့ ပြောပါတယ်။
မနေ့ မနက် ၇ နာရီဝန်းကျင်ကလည်း မြိုင်မြို့နယ် အနောက်ခြမ်းတနေရာကို ပခုက္ကူ တပ်မ ၁၀၁ ထဲကနေ တက်လာကြတဲ့ ပါရာမိုတာ ၂ စီးနဲ့ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်သွားပေမဲ့ မြေပြင်ထိခိုက်ပျက်စီးတဲ့ အခြေအနေကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ပေါက်မြို့နယ်အခြေစိုက် စစ်ကောင်စီ ကပစ ၂၄ ထဲက တပ်တွေကလည်း မနေ့မနက်စောပိုင်းမှာ ပတ်ဝန်းကျင်ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့သေးတယ်လို့ ဆိုပါတယ်။
ပေါက်မြို့နယ်အတွင်းမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တခုရဲ့ စစ်ကြောင်းမှူးတယောက်က “မြေပြင်မှာ ရန်သူနဲ့ တိုက်ပွဲဖြစ်နေတာတော့ မရှိပါဘူး။ ဒါပေမဲ့လည်း ရန်သူက ရန်သူ ပီသတဲ့အတွက် ပြည်သူကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ပဲ ပြောချင်တယ်။ အဓိက ကတော့ဗျာ တော်လှန်ရေးတပ်ဖွဲ့တွေ အချင်းချင်းကလည်း ခင်ဗျားတို့ သိတဲ့အတိုင်းပဲ မညီညွတ်ကြတော့ ရန်သူကို သက်ဆိုးရှည်စေတာပေါ့ဗျာ။ တော်လှန်ရေးတပ်ဖွဲ့တွေ ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးနဲ့ အင်နဲ့အားနဲ့ ပူးပေါင်းတိုက်ခိုက်လိုက်ရင် တော်လှန်ရေးက မကြာပါဘူး” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အောက်တိုဘာ ၇ ရက်နဲ့ ၈ ရက်နေ့မှာလည်း ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်အစပ်က ကျောက်ခွက်ရေနံမှော်နဲ့ သပြေညိုရေနံမှော်တွေကို ၂ ရက်ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ ရေနံလုပ်သား အမျိုးသား ၄ ယောက်နဲ့ အမျိုးသမီး ၁ ယောက်၊ စုစုပေါင်းပြည်သူ ၅ ယောက်ထက်မနည်း သေဆုံးခဲ့သလို ကလေးငယ်တွေအပါအဝင် အများအပြား ဒဏ်ရာရခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်အစပ်မှာရှိတဲ့ ရေနံမှော်တွေနဲ့ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်နေတာကြောင့် ပြည်သူတွေ သေဆုံးဒဏ်ရာရနေကြတဲ့အတွက် ဒေသခံတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို အထူးသတိထားနေထိုင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။