Home
မြန်မာသတင်း
ဧရာဝတီတိုင်း၌ NLD ပါတီဝင်များ၏ နေအိမ်အများစုအပါအဝင် အိမ် ၁၅၀ ကျော် ချိပ်ပိတ်ခံခဲ့ရ
DVB
·
October 13, 2025
Photo: Tun Lin

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ၁၀ လအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တွေရဲ့ နေအိမ်တွေအပါအဝင် နေအိမ်အလုံး ၁၅၀ ကျော်အထိ ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

၂၀၂၅ ဇန်နဝါရီကနေ စက်တင်ဘာ  ၃၀ ရက်အထိ ၁၀ လအတွင်း ဧရာဝတီတိုင်းမှာ နေအိမ် ၁၅၀ ကျော်အထိ စစ်ကောင်စီရဲ့ ချိပ်ပိတ်သိမ်းဆည်းခံရပြီး NLD ပါတီဝင်တွေရဲ့ နေအိမ်တွေ ချိပ်ပိတ်ခံရတဲ့အထဲမှာ အများဆုံး ပါဝင်တယ်လို့ သိရပါတယ်။

CDM ဝန်ထမ်းတွေကို ကူညီပေးနေသူတယောက်က “ဥပဒေနဲ့အညီ ချိပ်ပိတ်သိမ်းတာဆိုပြီး ချိပ်ပိတ်သိမ်းခံရတာ။ တရားမဝင်တဲ့ အဖွဲ့အစည်းတွေနဲ့ ပတ်သက်လို့ ချိတ်ပိတ်တာလို့ သိရတယ်။ ချိပ်ပိတ်ခံရတဲ့ အိမ်အများစုက CDM ပညာရေးဝန်ထမ်းတွေရဲ့ အိမ်တွေနဲ့ NLD ပါတီဝင်တွေရဲ့ နေအိမ်တွေ များတယ်။ ချိပ်ပိတ်သိမ်းခံရတော့ နေစရာမရှိ လမ်းဘေးရောက်တဲ့အထိ ဖြစ်လာသူတွေပါ ရှိလာတယ်''လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၁၀ လအတွင်း အရပ်သားတွေရဲ့ နေအိမ်တွေကို ဒေသမှာရှိနေတဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့၊ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေက ကွင်းဆင်းပြီး အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ဆက်နွှယ်ပတ်သက်တာကြောင့်လို့ဆိုကာ ချိပ်ပိတ်သိမ်းဆည်းရတာဖြစ်တယ်လို့ ရေးထားတဲ့ ဗီနိုင်းတွေ၊ စာတွေကပ်ချိပ်ပိတ်ခဲ့တာလို့ သိရပါတယ်။

တိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “ရေကြည်၊ ဟင်္သာတ၊ လေးမျက်နှာနဲ့ သာပေါင်း ဘက်ကနေ ချိပ်ပိတ်သိမ်းဆည်းခံရတဲ့အိမ်တွေ တော်တော်များများပါတယ်။ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ပတ်သက်တယ်၊ PDF တွေနဲ့ ပတ်သက်တယ်လို့ဆိုပြီး ချိပ်ပိတ်ခံရတာ။ ဥပဒေကြောင်းအရ ပြန်လည် ခုခံချေပတင်ပြထားတဲ့သူတွေ ရှိတယ်။ တချို့ကတော့ လူအဖမ်းမခံရဖို့ဘဲ ရှောင်ပြီး ဒီအတိုင်းပဲ နေနေရတယ်” လို့ ပြောပါတယ်။

အဲဒီ နေအိမ်ချိပ်ပိတ်ခံထားရတဲ့အများစုဟာ အကြမ်းဖက် ဥပဒေပုဒ်မ၊ မတရားအသင်းဆက်သွယ်မှု၊ နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်ကို အကြည်အညိုပျက်စေမှု စတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်ခံထားရသူတွေ ပါဝင်ပြီး ဘယ်ပုဒ်မနဲ့မှ အမှုဖွင့်ခံထားရခြင်း မရှိသေးတဲ့သူတွေလည်း ပါဝင်တယ်လို့ တိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ၁၀ လအတွင်း ရေကြည်၊ ကြံခင်း၊ ဟင်္သာတ၊ ငါးသိုင်းချောင်း၊ မြောင်းမြ၊ အင်္ဂပူ၊ လေးမျက်နှာ၊ လပွတ္တာ၊ သာပေါင်း၊ ကျုံပျော်၊ အင်္ဂပူ၊ ဘိုကလေး၊ ဒေးဒရဲ၊ မြန်အောင်၊ အိမ်မဲ၊ ဝါးခယ်မ စတဲ့မြို့နယ်တွေက နေအိမ်တွေ အများဆုံး ချိပ်ပိတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013