Home
မြန်မာသတင်း
စစ်တပ်၏ရွေးကောက်ပွဲကို အမေရိကန် ပြည်နယ် ၅၀ ရောက် မြန်မာများ စုပေါင်းကန့်ကွက်မည်
DVB
·
October 12, 2025

စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကိုဆန့်ကျင်ကန့်ကွက်ကြောင်း အမေရိကန်ရောက် မြန်မာတွေပူးပေါင်းပြီး ဝါရှင်တန်ဒီစီမှာ ဆန္ဒပြပွဲလုပ်သွားဖို့ရှိနေပါတယ်။

ဆန့်ကျင်ရေးလှုပ်ရှားမှုတွေပြုလုပ်ဖို့ Global Meeting ကို အောက်တိုဘာ ၁၁ ရက် မနက်ပိုင်းမှာခေါ်ယူခဲ့ပြီး နိုင်ငံတကာရောက်မြန်မာတွေနဲ့ ပြည်တွင်းက တော်လှန်ရေးအင်အားစုတွေ တက်ရောက်ခဲ့ကြပါတယ်။

အမေရိကန်ပြည်နယ် ၅၀ ရောက်မြန်မာတွေပူးပေါင်းမယ့် ဝါရှင်တန်ဒီစီဆန္ဒပြပွဲကို နိုဝင်ဘာ ၂၂ ရက်နေ့မှာ ပြုလုပ်သွားဖို့ရည်ရွယ်ထားပြီး စစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ရပ်တွေနဲ့ လိမ်လည်မှုတွေကို နိုင်ငံတကာက ပိုပြီးအာရုံစိုက်လာအောင်ရည်ရွယ်တယ်လို့ သိရပါတယ်။

ဆန်ဖရန်စစ္စကိုဗေးဧရိယာမှာနေထိုင်သူ မခင်သီရိနန္ဒာစိုး က “အထူးသဖြင့်ပြည်တွင်းက သူတို့တွေခြိမ်းခြောက်နေလို့ ပြောလို့မထွက်တဲ့ ဒီအသံတွေကို ကျမတို့တွေက ကျယ်ကျယ်လောင်လောင် အင်အားရှိရှိနဲ့ ထုတ်ဖော်ပေးခြင်းဖြစ်ပါတယ်၊ ကျမတို့ အဓိကရည်ရွယ်တာကတော့ အနီးကပ်ဆုံးဖြစ်တဲ့ အမေရိကန်အစိုးရနဲ့ခေါင်းဆောင်တွေပေါ့နော်၊ ဒါတွေတင်မဟုတ်ဘဲနဲ့ ကျမတို့ဆန္ဒပြပွဲကြီးရဲ့အင်အားကို ကမ္ဘာအရပ်ရပ်မှာရှိနေတဲ့ တခြား အာဆီယံနိုင်ငံတွေက ခေါင်းဆောင်တွေ၊ ဥရောပတို့လို၊ UN တို့လို သက်ဆိုင်ရာ အရေးကြီးတဲ့ အဖွဲ့အစည်းတွေ ခေါင်းဆောင်တွေကပါ သူတို့အာရုံစိုက်လာဖို့အတွက်ကို ကျမတို့ရည်ရွယ်ပါတယ်၊ စနစ်တကျ သေချာလေးပေါ့နော်၊ ဆွေးနွေးတိုင်ပင်ပြီး ကျမတို့ လုပ်သွားဖို့ရှိပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်း ဆန္ဒပြပွဲတွေ နိုင်ငံတကာမှာ ဆက်တိုက်ရှိနေပေမယ့် ဒီထက်ပိုအားကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဖို့ နိုင်ငံတကာရောက်မြန်မာတွေ စုစည်းနေကြတာပါ။

သံအမတ်ကြီးဦးကျော်မိုးထွန်ကို အားပေးထောက်ခံကြောင်း နိုင်ငံတကာလှုပ်ရှားမှုတွေ ပူးပေါင်းဆောင်ရွက်ခဲ့သလို စစ်ကောင်စီရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်းလှုပ်ရှားမှုတွေလည်း နိုင်ငံတကာမှာ တပြိုင်တည်းပေါ်ပေါက်လာဖို့ ရှိနေတာပါ။

ဦးကိုကိုလေး(Learn and Share-လေ့လာဝေမျှ) က “မနက်ကမီတင်ကတော့ ဂလိုဘယ်အဆင့် လုပ်တာဆိုတော့ တကမ္ဘာလုံးကလူတွေ ပါပါတယ်။ ပြည်တွင်းကလူတွေလည်း ပါပါတယ်။ အားလုံးက မိမိတို့လုပ်ထားတဲ့ ပြင်ဆင်ထားတာတွေကို တင်ပြကြပါတယ်။ တကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ အင်စတီကျူးရှင်းတွေ၊ လူ့အခွင့်အရေးကာကွယ်သူတွေပေါ့နော်။ ဒီအတုအယောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ပြင်ဆင်ထားတာတွေကို တင်ပြပြီးတော့ ဆွေးနွေးကြပါတယ်။ တနိုင်ငံနဲ့ တနိုင်ငံ ပူးပေါင်းဆောင်ရွက်ပြီးတော့ အညမညဖြစ်အောင်၊ ချိန်သားကိုက်လုပ်ကြဖို့အတွက် အပြန်အလှန် တင်ပြကြတယ်။ အဓိက ကတော့ ပြည်တွင်းကလှုပ်ရှားမှုတွေက အဓိကပိုပြီးတော့ ကျပါတယ်။ မတရားအာဏာသိမ်းတာနဲ့ပတ်သက်လို့ ပြည်သူလူထုက စိတ်နာကြည်းနေတယ်။ စစ်အာဏာရှင်အနေနဲ့ ဘာပဲလုပ်လုပ် ပြည်သူလူထုက အယုံအကြည်မရှိဘူး။ ရွံရှာမုန်းတီးနေပြီ။ ဒီရွေးကောက်ပွဲကြီးကို လူတွေက လုံးဝ သဘောမတူဘူးဆိုတာ အားလုံး သိတဲ့အတိုင်းပဲ” လို့ ပြောပါတယ်။

စစ်ကောင်စီက အမေရိကန်ပြည်ထောင်စုမှာ လော်ဘီကုမ္ပဏီတွေငှားရမ်းပြီး အစိုးရကို ချဉ်းကပ်နိုင်ဖို့ ကြိုးစားတာ၊ အကျိုးစီးပွားရေးမက်လုံးတွေနဲ့ သူတို့ရဲ့တရားဝင်မှုကို အသိအမှတ်ပြုလာအောင် အားထုတ်တာတွေရှိနေပါတယ်။

တော်လှန်ရေး ၅ နှစ်နီးပါးကြာလာချိန်မှာ စစ်ကောင်စီဘက်ကနေ အာဏာရှင်နိုင်ငံတချို့ ပေါ်ပေါ်ထင်ထင် ရပ်တည်လာကြပေမယ့် နိုင်ငံတကာသံတမန်ရေးရာ မျက်နှာစာမှာတော့ တော်လှန်ရေးအင်အားစုတွေက အသားစီးဆက်ယူထားပါတယ်။

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013