
မန္တလေးမှာ စစ်တပ်ဩဇာခံ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားတဲ့ မဲဆန္ဒရှင်စာရင်းတွေ အများအပြား လွဲမှားနေတာကြောင့် ပြန်လည်ပြင်ဆင်နိုင်ဖို့ ဒေသခံတွေအနေနဲ့ မဲစာရင်းလာကြည့်ပြီး ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်ဖို့ စစ်ကောင်စီခန့် တိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်က အောက်တိုဘာ ၁၁ ရက်က အကူအညီတောင်းတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ချမ်းမြသာစည်မြို့နယ်မှာလည်း မဲစာရင်းမှာမပါသူ ရာနဲ့ချီရှိတာကြောင့် ပုံစံ ၄ (ဂ)အရ ပြန်လည်လျှောက်ထားဖို့အတွက် မနေ့က ဝန်ကြီးချုပ် ဦးမျိုးအောင် ကိုယ်တိုင် လာရောက်ပြီး ဒေသခံတွေကို အကူအညီတောင်းခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။
“မနေ့က အမက ၃၄ မှာ ဝန်ကြီးချုပ်ကိုယ်တိုင်လာပြီး မဲစာရင်းမှားတာ သူတို့အပြစ်ပါ၊ မဲမပေးဘဲ မနေကြပါနဲ့၊ မဲစာရင်းမှာပါအောင် စီစဥ်ပေးမယ်၊ လဝကလည်းပါတယ်၊ မှတ်ပုံတင်မရှိရင် အသစ်လုပ်ပေးမယ်၊ ရပ်ကွက်မှာနေတဲ့သူတွေအနေနဲ့ မဲစာရင်းလာကြည့်ကြဖို့ သူတို့ကို အကူအညီပေးဖို့ တောင်းပန်စကားပြောသွားတယ်။”
မဟာအောင်မြေမြို့နယ်က ရပ်ကွက်အများစုမှာ ကပ်ထားတဲ့ မဲစာရင်းတွေမှာလည်း အမှန်တကယ် နေထိုင်သူမပါဘဲ ရွှေ့ပြောင်းသူများပါပြီး မဲစာရင်းတွေထပ်နေတာကြောင့် မနေ့က လဝကနဲ့ ထွေအုပ်က လာပြင်ပေးတယ်လို့ ရတနာဘုမ္မိအရှေ့ရပ်ကွက်နေသူတယောက်က ပြောပါတယ်။
“နာမည်တခုတည်းကို ၆ နေရာလောက်ပါနေတယ်။ အဲဒီလူကပြောင်းသွားပြီ၊ အမှန်တကယ် နေတဲ့သူတွေ မပါဘူး။ တချို့ကမဲစာရင်းမှာတော့ပါတယ်၊ မှတ်ပုံတင်တွေလွဲနေတယ်။ အဲဒါကြောင့် ရတနာကောသဘုရားဝန်းထဲ ဓမ္မာရုံမှာ လဝကနဲ့ ထွေအုပ်က လာပြင်ပေးတာ၊ မှားတာမှ အတော်များများကို မှားနေတာ။”
အတည်ပြုလူဦးရေစာရင်းမှာ ဌာနဆိုင်ရာဝန်ထမ်းတချို့ရဲ့ ပေါ့လျော့မှုကြောင့် မဲစာရင်းပြုစုရာမှာ ကျန်ရှိနေတာတွေ ကွဲလွဲနေတာတွေရှိကြောင်း စစ်ကောင်စီခန့် လဝကဝန်ကြီး ဦးမြင့်ကြိုင်က အောက်တိုဘာ ၁၀ ရက်က ဝန်ခံထားပါတယ်။
မှားယွင်းနေတဲ့ မဲစာရင်းတွေပြန်ပြင်နိုင်ဖို့ ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၁ ရက်က ပြည်နယ်နဲ့ တိုင်းအသီးသီးမှာရှိတဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဖုန်းနံပါတ်တွေ ထုတ်ပြန်ခဲ့ပေမဲ့ အနှောင့်အယှက်ပေးရင် ဆင်းမ်ကတ်တွေ ပိတ်သိမ်းမယ်လို့ ခြိမ်းခြောက်ထားပါတယ်။
ဒီလို မဲစာရင်းတွေ မှားနေတာကြောင့် မဲစာရင်းကြည့်ရှုမယ့်ရက်ကို အောက်တိုဘာ ၁၄ ရက်အထိ ထပ်တိုးကြေညာထားပေမဲ့ ပြည်သူတွေက လာမကြည့်တာကြောင့် NonCDM ဝန်ထမ်းတွေလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
စစ်ကောင်စီအခြေစိုက်တဲ့ နေပြည်တော်မှာလည်း မဲစာရင်းတွေ အကြီးအကျယ်လွဲမှားနေ တာကြောင့် ကြံ့ခိုင်ရေးပါတီ ပုဗ္ဗသီရိမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဘူးလတ်လှဆွေ ပြောဆိုခဲ့လို့ ခေါ်ယူစစ်ဆေးခံနေရပါတယ်။
၂၀၂၀ ရွေးကောက်ပွဲ တုန်းက မဲစာရင်းတွေမှားယွင်းနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်တပ်က အာဏာသိမ်းခဲ့ပြီး မဲစာရင်းတွေ ပြန်စိစစ် အစီရင်ခံစာတွေထုတ်ပြန် ပြစ်တင်ဝေဖန်မှုတွေ လုပ်ခဲ့ပေမဲ့ အခုလာမယ့် ရွေးကောက်ပွဲအတွက် ကိုယ်တိုင်မဲစာရင်း ထုတ်ပြန်တဲ့အခါမှာလည်း မှန်ကန်အောင် မလုပ်နိုင်ဘဲ အမှားအယွင်းတွေနဲ့ ကြုံတွေ့နေတာပါ။
လာမယ့် ဒီဇင်ဘာလမှာ အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။