
စစ်အာဏာရှင် ကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့၊ အရပ်သားတွေ အပေါ် စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကနေ အကာအကွယ်ပေးဖို့နဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ဆောင်ရွက်ပေးဖို့ တော်လှန်ရေးအင်အားစုတွေက အာဆီယံကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
မြန်မာ့အရေးနဲ့ ပတ်သက်လို့ အာဆီယံတာဝန်ရှိသူတွေနဲ့ ထိတွေ့ဆက်ဆံနေမှုတွေ၊ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရေး၊ ဒီမိုကရေစီကို ထောက်ခံအားပေးရေးနဲ့ စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ပယ်ချရေးတို့နဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေး အစိုးရ (NUG)နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အပါအဝင် တော်လှန်ရေးအင်အားစုတွေက အောက်တိုဘာ ၁၁ ရက် ဒီကနေ့ ထုတ်ပြန် တောင်းဆိုလိုက်တာပါ။
တောင်းဆိုချက်တွေထဲမှာတော့ စစ်တပ်က ကျင်းပဖို့ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ ဘုံသဘောတူညီချက် ၅ ချက် ဒါမှမဟုတ် နိုင်ငံတကာစံနှုန်းအရ တရားဝင်မှုမရှိလို့ စစ်အာဏာရှင်အဖွဲ့က စီစဉ်ကျင်းပတဲ့ ဘယ်ရွေးကောက်ပွဲကိုမဆို ပယ်ချပြီး အသိအမှတ်မပြုဖို့၊ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကို ရပ်တန့်တာ အပါအဝင် အရပ်သားတွေအပေါ် အကြမ်းဖက်တွေကနေ အကာအကွယ်ပေးရေး ချက်ချင်းဆောင်ရွက်ဖို့နဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ အပါအဝင် စစ်တပ် ဆက်လက်ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို နှုတ်ဆိတ်မနေဘဲ ထုတ်ဖော်ပြောဆိုဖို့ အာဆီယံကို တိုက်တွန်းထားပါတယ်။
ဒါ့အပြင် သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သတင်းထောက်တွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ မတရား ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့၊ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို ဆက်လက်မလိုက်နာဘဲ ဖီဆန်နေမှုအတွက် စစ်အာဏာရှင်အဖွဲ့ကို သံတမန်ရေးရာနည်းလမ်းတွေ၊ အာဆီယံအစည်းအဝေးတွေကနေ ဆိုင်းငံ့ထားဖို့လည်း တိုက်တွန်းထားပါတယ်။
ရွေးကောက်ပွဲဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ခေါင်းစဉ်တပ်ပြီး စစ်အုပ်ချုပ်ရေးကို ခိုင်မာအောင် အယောင်ပြလုပ်ဆောင်တဲ့ အတုအယောင်တခုဖြစ်ပြီး အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို တိုက်ရိုက်ဆန့်ကျင်နေတယ်လို့လည်း ဆိုပါတယ်။
ပူးတွဲတောင်းဆိုတဲ့အဖွဲ့တွေထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ( ABSDF)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကချင်နိုင်ငံရေးကြားကာလညှိနှိုင်းရေးအဖွဲ့ (KPICT) ၊ စစ်ကိုင်းဖိုရမ်၊ စတဲ့အဖွဲ့တွေ ပါဝင်ပါတယ်။
အာဏာသိမ်းစစ်တပ်ကတော့ လာမယ့် ဒီဇင်ဘာလမှာ ရွေးကောက်ပွဲ ပထမပိုင်းကိုကျင်းပမှာဖြစ်ပြီး နိုင်ငံရေး ပါတီ ၅၇ ပါတီနဲ့ ကိုယ်စားလှယ်ပေါင်း ၅,၀၀၀ လောက် ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ ပြောဆိုထားပြီး နိုင်ငံတကာ ထောက်ခံမှုရဖို့ ရွေးကောက်ပွဲ စောင့်ကြည့် အဖွဲ့တွေကိုလည်း ဖိတ်ခေါ်ထားပါတယ်။




