Home
မြန်မာသတင်း
မန္တလေးတွင် ဖုန်းအားသွင်းရန် အိပ်ရာပေါ်သွယ်တန်းထားသည့်ပလပ်ခုံ အပူလွန်မီးလောင်
DVB
·
October 11, 2025
Photo : မီးသတ်
Photo : မီးသတ်
Photo : မီးသတ်
Photo : မီးသတ်
Photo : မီးသတ်
Photo : မီးသတ်

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်မှာ အောက်တိုဘာ ၁၀ ရက်မနက်ပိုင်းက အိပ်ရာပေါ် ဖုန်းအားသွင်းဖို့အတွက် မီးပလပ်ခုံ သွယ်တန်းရာကနေကနေ အပူလွန်ကဲပြီး မီးလောင်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရဲမွန်တောင်ရပ်ကွက်၊ ၅၉ လမ်း၊ ၃၉ D လမ်းနဲ့ ၃၉ E လမ်းကြားမှာ အိပ်ရာပေါ်တင်ထားတဲ့ ပလပ်ခုံ အပူလွန်ကဲလို့ မီးလောင်ခဲ့တာဖြစ်ပြီး ၃၅ ပေ ၂၀ ပေ၊ သွပ်မိုး ထရံကာ၊ တထပ် အဆောက်အအုံနဲ့ အတွင်းပစ္စည်းတွေ၊ ဆိုင်ကယ် ၂ စီး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်ကို သိရှိတဲ့သူတယောက်က “မီးလောင်မှုက အောက်တိုဘာ ၁၀ ရက် မနက် ၇ နာရီ မိနစ် ၃၀ လောက်မှာဖြစ်တာ။ မီးလောင်မှုကြောင့် ပစ္စည်းတွေတော့ ဆုံးရှုံးခဲ့တယ်။ လူတော့အချိန်မီရှောင်နိုင်ခဲ့လို့ ထိခိုက်သေဆုံးမရှိပါဘူး။ ဆုံးရှုံးတဲ့ အသေးစိတ်ကို စိစစ်တွက်ချက်နေပါတယ်” လို့ပြောပါတယ်။

အဲဒီ မီးလောင်မှုကို သန္ဓေမီးသတ်တပ်ဖွဲ့ဝင် အယောက် ၃၀၊ အရန်မီးသတ်တပ်ဖွဲ့ဝင် အယောက် ၇၀ နဲ့ မီးငြိမ်းသတ်ယာဉ် ၁၀ စီး၊ ရေသယ်ယာဉ် ၅ စီး၊ အုပ်ချုပ်မှုယာဉ် ၃ စီး အသုံးပြုငြှိမ်းသတ်ခဲ့ပြီး မနက် ၇ နာရီ မိနစ် ၅၀ အချိန်ခန့် မှာ မီးလုံးဝငြိမ်းသွားတယ်လို့ သိရပါတယ်။

မန္တလေးမြို့ခံတယောက်က “ဆင့်ပွားမီးကူးစက်တာမရှိပါဘူး။ အချိန်မီ မီးထိန်းနိုင်ခဲ့လို့လေ။ မီးလောင်မှုကြောင့် အထိတ်တလန့်တော့ဖြစ်ရတယ်။ သက်ဆိုင်ရာက စက်အင်အား၊ လူအင်အား အများအပြားနဲ့ ငြှိမ်းသတ်နိုင်ခဲ့တာကြောင့်ပါ” လို့ ပြောပါတယ်။

မီးလောင်မှုနဲ့ပတ်သက်ပြီး အိပ်ရာပေါ်မှာ ပလပ်ခုံနဲ့ ဖုန်းအားသွင်းဖို့ လုပ်ခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် လူငယ်အမျိုးသားကို အမှတ် ၉ မြို့မရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၆ ရက် ညပိုင်းကလည်း မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၃၁x ၁၃၂x ၅၉(B)လမ်းမှာ နှစ်ထပ်အိမ်တလုံးခေါင်မိုးပေါ်ကို မီးပုံးပျံပျက်ကျလို့ မီးလောင်ခဲ့သလို ၆၂ လမ်း ၆၃ လမ်းကြား၊ ၁၀၂ လမ်းနားမှာ မီးလောင်ပြီး လူ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့သေးတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013