
လူ ၁၂ ယောက် သေဆုံးပြီး အိမ်ခြေ ၆,၀၀၀ ကျော် ပျက်စီးစေခဲ့တဲ့ လော့စ်အိန်ဂျလိစ်၊ ပစိဖိတ်ပါလိဆေ့ဒ်စ် လူကုံထံရပ်ကွက် မီးလောင်မှုနဲ့ပတ်သက်ပြီး အသက် ၂၉ နှစ်အရွယ် ဂျိုနသန်ရင်ဒါကက်ရှ် ဆိုသူကို ဖမ်းဆီးလိုက်ပါတယ်။
ဇန်နဝါရီ ၇ ရက်က ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုအတွက် အောက်တိုဘာ ၇ ရက်နေ့မှာမှ ကျူးလွန်တယ်လို့ သံသယရှိသူကို ဖလော်ရီဒါပြည်နယ်မှာ ဖမ်းမိတာဖြစ်ပါတယ်။
သူ့ကို မီးရှို့မှု၊ ပစ္စည်းဥစ္စာဖျက်ဆီးမှုနဲ့ တရားစွဲထားပြီး နောက်ပိုင်းမှာ လူသတ်မှုလို စွဲချက်တွေပါ ထပ်တိုးလာနိုင်တယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။
သူ့ရဲ့ ဒစ်ဂျစ်တယ်ပစ္စည်းတွေကနေ ရရှိတဲ့ သက်သေတွေမှာ သူဟာ Chat GPT AI သုံးပြီးတော့ မီးလောင်နေတဲ့ မြို့ကြီးပုံတပုံ ဖန်တီးခဲ့တာ တွေ့ရတယ်လို့ တရားရေးဌာနက ထုတ်ပြန်ပါတယ်။
မီးမရှို့မီ ၅ လအလိုမှာ “တောမီးလောင်ပြီး လူတွေ ပြေးလွှားနေကြတဲ့ပုံမျိုး” ဆွဲပေးဖို့ ChatGPT ကို စေခိုင်းခဲ့ပြီး ပုံရဲ့အလယ်မှာ သိန်းနဲ့ချီတဲ့ ဆင်းရဲတဲ့လူတွေဟာ ဒေါ်လာသင်္ကေတ ရေးထားတဲ့ ဂိတ်တံခါးကို ဖြတ်သန်းဖို့ ကြိုးစားနေပုံ ထည့်သွင်းခိုင်းခဲ့ပါတယ်။
ဂိတ်ရဲ့တဖက်ခြမ်းမှာတော့ အချမ်းသာဆုံးလူတွေက ကမ္ဘာကြီး မီးလောင်နေတာကို ကြည့်ပြီး ရယ်မောပျော်ရွှင်နေကြတဲ့ပုံမျိုး ရေးဆွဲခိုင်းခဲ့တာ ဖြစ်ပါတယ်။
စုံစမ်းစစ်ဆေးသူတွေရဲ့ အဆိုအရ သူဟာ မီးစရှို့ခဲ့တဲ့ တောင်တက်လမ်းနေရာနဲ့ ရင်းနှီးသူဖြစ်ပြီး မီးလောင်မှုဖြစ်ပွားပြီး မကြာခင်မှာပဲ ဖလော်ရီဒါကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။
Uber ကားမောင်းသမားအဖြစ် အလုပ်လုပ်ခဲ့သူ ရင်ဒါကက်ရှ်က စတင်ရှို့ခဲ့တာလို့ စွဲချက်တင်ထားပါတယ်။
သူဟာ မီးသတ်သမားတွေ မီးငြှိမ်းသတ်နေတာကို ဗီဒီယိုရိုက်ကူးတာ၊ အရေးပေါ်ဖုန်းခေါ်ဆိုဖို့ ကြိုးစားတာတွေကို မှတ်တမ်းတင်ထားပြီး သူ့မှာအပြစ်မရှိကြောင်း အထောက်အထားအတုတွေ ဖန်တီးဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရင်ဒါကက်ရှ်ဟာ ChatGPT မှာ “သင့်ဆေးလိပ်မီးကြောင့် မီးလောင်ရင် ကိုယ့်အပြစ်ဖြစ်လား” ဆိုတဲ့ မေးခွန်းမျိုးတွေ မေးထားတာ တွေ့ရပါတယ်။
ပစိဖိတ်ပါလိဆေ့ဒ်စ် မီးလောင်မှုဟာ လော့စ်အိန်ဂျလိစ်သမိုင်းမှာ အပျက်အစီးအများဆုံးတခု ဖြစ်ခဲ့ပြီး သုံးပတ်ကျော်ကြာ လောင်ကျွမ်းခဲ့ရာမှာ နာမည်ကျော် ပုဂ္ဂိုလ်တွေရဲ့ နေအိမ်တွေလည်း ပါဝင်ခဲ့ပါတယ်။