
ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်နဲ့ မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်မှာ အောက်တိုဘာ ၆ ရက် ည ၈ နာရီက လူနေအိမ်ပေါ်ကို မီးပုံးပျံပျက်ကျပြီး နေအိမ် ၃ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့ည ၈ နာရီက ကျောက်တန်းမြို့နယ်၊ စံချိန်မီရပ်ကွက်၊ အ.မ.က. ၁၀ ကျောင်းလမ်းမှာ မီးပုံးပျံ ပျက်ကျပြီး နေအိမ် ၂ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ မြိုခံတယောက်က DVB ကို ပြောပါတယ်။
“အိမ်နှစ်လုံးကြားမှာ အရိပ်ရအောင် တာပေါ်လင် ကာထားတဲ့ အပေါ်ကို မီးပုံးပျံက ပျက်ကျတာ။ ရပ်ကွက်ထဲကလူတွေရော မီးသတ်တွေရော ဝိုင်းပြီးမီးငြှိမ်းလို့ အိမ်နှစ်လုံးက ခေါင်မိုးထုပ်တန်းနဲ့ ဘေးအကာတွေပဲ လောင်သွားတာ တော်သေးတယ်။ ညဘက် လူတွေအိပ်ချိန်သာ ပျက်ကျရင် မတွေးရဲဘူး။”
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၃၁ x ၁၃၂ x ၅၉ ဘီ လမ်းမှာလည်း မနေ့ည ၇ နာရီခွဲက နေအိမ်တအိမ် ခေါင်မိုးပေါ်ကို မီးပုံးပျံပျက်ကျလို့ မီးသတ်တပ်ဖွဲ့နဲ့အတူ ဒေသခံတွေက ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ရတယ်လို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။
“နှစ်ထပ်ပျဥ်ထောင်အိမ်ရဲ့ ခေါင်မိုးပေါ် မီးပုံပျံက ပျက်ကျတာ။ သွပ်မိုး ထရံကာ ဆိုတော့ တအိမ်လုံးနီးပါး ကုန်သွားတယ်။ မီးသတ်တွေလည်း ၁၀ မိနစ်လောက် မီးငြှိမ်းလိုက်ရတယ်။”
မီးလောင်မှု နှစ်ခုစလုံးမှာ လူနေအိမ်တွေ ပျက်စီးဆုံးရှုံးတာကလွဲပြီး လူသေဆုံး၊ ထိခိုက်မှု မရှိဘူးလို့ မီးသတ်ဦးစီးဌာန သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။