Home
မြန်မာသတင်း
ရန်ကုန်တွင် စစ်တပ်က စစ်မှုထမ်းခိုင်းစေရန် လူငယ်‌များကို ပိုမိုဖမ်းဆီးလာ
DVB
·
October 4, 2025
Photo: KZL

ရန်ကုန်မြို့မှာ နေထိုင်ကြတဲ့ လူငယ်တွေဟာ အခုရက်ပိုင်းမှာ စစ်တပ်ရဲ့ အဓမ္မဖမ်းဆီးမှုကို ပိုမိုကြုံတွေ့လာရတယ်လို့ မြို့ခံပြည်‌သူတွေက ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်းက လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ စမ်းချောင်း၊ အလုံ စတဲ့မြို့နယ်တွေက အနည်းဆုံး လူငယ် ၁၅ ယောက်  အခုရက်ပိုင်းအတွင်း စစ်တပ်ရဲ့ အကြောင်းမဲ့ ဖမ်းဆီးမ ခံခဲ့ရတယ်လို့ အဲဒီမြို့နယ်တွေက ပြည်သူတွေထံက သိရပါတယ်။

အောက်တိုဘာ ၁ ရက် ညပိုင်းက ရွှေပြည်သာမြို့နယ်၊ အမှတ် ၁၁ ရပ်ကွက်ထဲက ဘီယာဆိုင်တဆိုင်ကို ညဦးပိုင်းအချိန် စစ်တပ်က ဝင်ဖမ်းလို့ အဲဒီမှာ ထိုင်နေတဲ့ လူငယ် ၆ ယောက်လောက် ဖမ်းဆီခံခဲ့ရတယ်လို့ မြို့ခံတယောက်က  ပြောပါတယ်။

“တနေ့ညက ဘီယာဆိုင်ထဲ ဝင်ဖမ်းတာ၊ ထိုင်သောက်နေတဲ့အထဲက လူငယ် ၆ ယောက်လောက်ကို ဖမ်းခေါ်သွားတယ်။ အခုရက်ပိုင်းတွေ အဖမ်းအဆီး အရမ်းများနေတာ။”

အခုရက်ပိုင်းအတွင် စစ်တပ်က အင်အားအပြည့်ပါတဲ့ စစ်ဘက်သုံးကားတွေနဲ့ မှောင်ရိပ်ခို စောင့်ဖမ်းတာတွေလည်း ရှိနေတဲ့အတွက် လူငယ်တွေအနေနဲ့ ညဘက်အပြင်ထွက်တဲ့အခါ သတိထားပြီး ထွက်ကြဖို့နဲ့ ညနက်ပိုင်းအထိ အပြင်မှာမနေကြဖို့ သတိပေးမှုတွေလည်း ရှိနေပါတယ်။

ရွှေပြည်သာမြို့ခံတယောက်က “၇ နာရီလောက်ပဲ ရှိဦးမယ်၊ ရုပ်ရှင်ရုံနားက ချောင်ထဲမှာ ကားထိုးပြီး ချောင်းနေတာ၊ ပေါ်တာဆွဲဖို့ပဲ နေမှာပေါ့၊ အပြင်သိပ်မထွက်ကြတာ ကောင်းတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ လလယ်ပိုင်းကလည်း ရွှေပြည်သာ ထန်းခြောက်ပင် လမ်းဆုံအနီးမှာ လူငယ် ၅ ယောက်ကို “ဒို့အရေး” အော်လို့ဆိုပြီး ဘေးတွဲဆိုင်ကယ်မောင်းသူတွေနဲ့ လူမိုက်တွေက ဝိုင်းဖမ်းကာ စစ်တပ်ကို အပ်ခဲ့ပါတယ်။

ဒါ့အပြင် လှိုင်သာယာ၊ အင်းစိန်၊ အလုံနဲ့ စမ်းချောင်းက လူငယ်တချို့လည်း ပြီးခဲ့တဲ့ရက်ပိုင်းက အကြောင်းမဲ့ ဖမ်းဆီးခံရပြီး အခုထိ အဆက်အသွယ်မရသေးဘူးလို့ သိရပါတယ်။

စမ်းချောင်းမြို့နယ်မှာ နေထိုင်တဲ့ အမျိုးသမီးတယောက်က “ကျမမောင်လေးရဲ့ သူငယ်ချင်းနဲ့ အဖော် ၃ ယောက်လည်း ပြီးခဲ့တဲ့လ ၁၇ ရက် ညက မြေနီကုန်းဘက်က ပြန်လာတာကို Spirit အကျော်နားမှာ အဖမ်းခံလိုက်ရတာ၊ အခုထိ အဆက်အသွယ် မရသေးဘူး” လို့ ပြောပါတယ်။

အဲဒီလို ဖမ်းဆီးခံရမှုတွေထဲမှာ အသက်မပြည့်သေးတဲ့ ကျောင်းသားလူငယ်တချို့လည်း ပါဝင်နေပြီး စက်တင်ဘာ ၁၄ ရက်က အလုံမြို့နယ်၊ စောရန်ပိုင်ရပ်ကွက်က အထက်တန်းကျောင်းသား တယောက်ကို စစ်တပ်နဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေက အတင်းအဓမ္မ ဖမ်းဆီးသွားတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

လှိုင်သာယာမြို့နယ်ထဲက ရေအုတ်ကန် ရပ်ကွက်မှာလည်း စက်တင်ဘာ လကုန်ပိုင်းနဲ့ အခုလဆန်းပိုင်းမှာ ဧည့်စာရင်း အကြောင်းပြချက်နဲ့ လူငယ် ၅ ယောက်လောက် စစ်တပ်ရဲ့ ဖမ်းဆီးတာ ခံခဲ့ရတယ်လို့ နီးစပ်သူတွေထံက သိရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေ အပါအဝင် နိုင်ငံတဝန်းက လူငယ်တွေကို ဖမ်းဆီးတာတွေ ရှိခဲ့ပြီး စစ်မှုထမ်းဥပဒေ စတင်အသက်ဝင်တဲ့နောက်ပိုင်းမှာ အခြေအနေ ပိုမိုဆိုးရွားလာတာပဲ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024