
ညောင်ဦးမြို့ခံတယောက်က “စက်တင်ဘာ ၁၅ ရက်နေ့လောက်ကတည်းကစပြီးတော့ ညတိုင်းလိုလိုပဲ မြို့ပေါ်မှာရှိတဲ့ရပ်ကွက်တွေထဲကို ဧည့်စာရင်းစစ်သလိုနဲ့ အိမ်တံခါးတွေဖွင့်ခိုင်းပြီးဝင်ဆွဲတာ။ ကျနော်သိရသလောက်တော့ အခုရက်ပိုင်းတင်ပါသွားတာ ၁၀ ယောက်ထက်မနည်းတော့ဘူး” လို့ ပြောပါတယ်။
ညောင်ဦးမြို့၊ အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဖိုးကျော်နဲ့ အဖွဲ့ကို စစ်တပ်က ဖမ်းဆီးသွားပြီးနောက်ပိုင်း စစ်သားတွေကပဲ ပေါ်တာဆွဲနေကြတာဖြစ်ပြီး ညပိုင်း လူနေအိမ်တွေထဲ ဝင်ဆွဲရင်လည်း ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့နဲ့ ပျူစောထီးတွေပါဝင်လာတာ မတွေ့ရတော့ဘူးလို့လည်း မြို့ခံက ဆက်ပြောပါတယ်။
မြို့ခံတယောက်က “စစ်တပ်ကခန့်ထားတဲ့ အမှတ် ၁ ရပ်ကွက်က အုပ်ကြီး ဖိုးကျော်နဲ့ သူ့အပေါင်းအပါ ၇ ယောက်ကို စစ်မှုထမ်းကြေးငွေတွေလာဘ်စားမှုနဲ့စစ်တပ်ကဘဲ ပြန်ဖမ်းတာ။ အခုလ ၁၉၊ ၂၀ ဝန်းကျင်လောက်ကပဲ။ တပတ်လောက်ရှိပြီ” လို့ ပြောပါတယ်။
အုပ်ချုပ်ရေးမှူး ဖိုးကျော်နဲ့အဖွဲ့ဟာ စစ်တပ်အတွက် စစ်မှုထမ်းတပ်သားသစ်အများဆုံး ရှာပေးနေသူတွေဖြစ်ပြီး ပေါ်တာဆွဲခံရသူတချို့ဆီကနေလည်း ငွေကြေး အမြောက်အမြား တောင်းယူပြီး ပြန်လွှတ်ပေးနေသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
ညောင်ဦးမြို့နယ် ပကဖ တာဝန်ခံ ကိုဇီးက “အဲဒီဖိုးကျော်တို့အဖွဲ့က ညောင်ဦးမှာ တပ်သားစုအများဆုံး စုဆောင်းပေးနိုင်သူတွေဖြစ်ပြီးတော့ ပေါ်တာဆွဲခံရသူတချို့ကို ငွေတောင်းပြီးပြန်လွှတ်နေတာလည်း သူတို့အဖွဲ့ပဲ။ သူတို့ကို ကျန်ခဲ့တဲ့တပတ်လောက်ကပဲ စစ်တပ်ကပြန်ဖမ်းပြီး နေပြည်တော်ကိုခေါ်သွားကြတယ်လို့ သိရတယ်။ ညောင်ဦးမှာက ပေါ်တာဆွဲခံရသူတွေကို ပြန်ရွေးမယ်ဆိုရင် အဆွဲခံရသူတယောက်ကို ကျပ် သိန်း ၇၀ လောက်အထိစျေးပေါက်နေတာ” လို့ ပြောပါတယ်။
ညောင်ဦးမြို့ပေါ်မှာ ရပ်ကွက် ၁ ကနေ ၇ အထိ ၇ ရပ်ကွက်ရှိပြီး စစ်မှုထမ်းကိစ္စနဲ့လာဘ်စားလို့ ဖမ်းဆီးခံရတာဟာ အုပ်ချုပ်ရေးမှူး ဦးဖိုးကျော် နဲ့အဖွဲ့က ပထမဆုံးဖြစ်တယ်လို့လည်း ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အခုစက်တင်ဘာလလယ်ပိုင်းကစတင်ပြီး ညပိုင်းတွေမှာ ညောင်ဦးမြို့ပေါ်က လူနေအိမ်တွေထဲအထိအဓမ္မဝင်ရောက် ပေါ်တာဆွဲဖမ်းဆီးနေတာကြောင့် မြို့ခံလူငယ်တွေဟာ တိမ်းရှေ ာင်နေကြရတယ်လို့လည်း မြို့ခံတွေဆီကနေ သိရပါတယ်။
Photo : ပြည်သူ့စစ်မှုထမ်းများစုဝေးရာ တယ်လီဂရမ်ချယ်နယ်