Home
မြန်မာသတင်း
ပဲခူးတိုင်းနှင့် မွန်တွင် လိုင်စင်မဲ့ယာဉ်ပိုင်ရှင်များကို စစ်မှုထမ်းတပ်သားသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်
DVB
·
September 19, 2025

ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်မှာ လိုင်စင်မဲ့ယာဉ်တွေ ဖမ်းဆီးမှုနဲ့အတူ ဖမ်းဆီးခံရတဲ့ ယာဉ်ပိုင်ရှင်တွေကိုပါ စစ်မှုထမ်းတပ်သားသစ်အဖြစ်‌ ခေါ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလကုန်ပိုင်းကစပြီး နိုင်ငံနေရာအနှံ့က စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ လိုင်စင်မဲ့ကား၊ ဆိုင်ကယ်နဲ့ သုံးဘီးဆိုင်ကယ်တွေကို ဖမ်းဆီးနေပါတယ်။

ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်မှာတော့ လိုင်စင်မဲ့ယာဉ်တွေနဲ့အတူ ယာဉ်ပိုင်ရှင်တွေကိုပါ ဖမ်းဆီးနေပြီး စစ်မှုထမ်းတပ်သားသစ်အဖြစ် စုဆောင်းနေတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်ထဲက မြို့တွေမှာတော့ ကျေးရွာတွေက လူသွားလူလာများတဲ့ လမ်းဆုံတွေနဲ့ စစ်ကောင်စီတပ်သားတွေ အထိုင်ချထားတဲ့ ဂိတ်တွေမှာ လိုင်စင်မဲ့ယာဉ် ဖမ်းဆီးမှုတွေ လုပ်ဆောင်လေ့ရှိတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့အခါ ယာဉ်နဲ့အတူ လူကိုပါ သက်ဆိုင်ရာ ရဲစခန်းတွေနဲ့ စစ်ကောင်စီဂိတ်စခန်းတွေမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

မွန်ပြည်နယ်မှာတော့ နေအိမ်တွေထဲအထိ လိုင်စင်မဲ့ယာဉ်တွေ ဝင်ဖမ်းနေသလို ယာဉ်နဲ့အတူ ယာဉ်ပိုင်ရှင်တွေကို ခေါ်ဆောင်သွားတာလို့ ကျိုက်ထိုမြို့ခံတယောက်က DVB ကို ပြောပါတယ်။

“စစ်မှုထမ်းကတော့ ဆွဲနေကြတာပဲ။ အဓိကကတော့ ဆိုင်ကယ်လိုင်စင် အကြောင်းပြချက်နဲ့ပေါ့။ သူက site ထဲမှာ အလုပ်လုပ်နေတာ သူက ကွမ်းယာထွက်ဝယ်တာတဲ့၊ အဲဒါ transfomer ဘေးနားမှာ ဆိုင်ကယ်ရပ်ထားတာ၊ ကားဖြူလေးနဲ့ဆင်းလာပြီး ဇက်ပိုးတွေ ဘာတွေ အုပ်ပြီး ခေါ်သွားတာ။ ကားပေါ်က ရဲတယောက် ဆိုင်ကယ်မောင်းပြီးတော့ ဖမ်းသွားတယ်တဲ့။ အဲဒါ သူ့အိမ်ကတော့ အာမခံလာတွေ့ပါ ဘာညာပြောတယ်တဲ့။ အဓိကကတော့ သူကတော့ ပလိမ်းကြီးဆွဲရင် မဖြစ်လို့လေ၊ အခုက ဆိုင်ကယ်တွေ အကြောင်းပြချက်နဲ့ ဆွဲလို့ကောင်းတယ်လေ သိတယ်မလား၊ ဒီမှာတော့ ပေါ်တာဆွဲတာမဟုတ်ဘဲနဲ့ ဆိုင်ကယ်အကြောင်းပြချက်နဲ့ ဆွဲတာပေါ့။”

ဖမ်းဆီးခံရသူတွေရဲ့ မိသားစုတွေက သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေရဲ့ အကူအညီနဲ့  ငွေကျပ်သိန်း ၅၀ ကစလို့ သိန်းရာချီပေးကာ မိသားစုတွေက ဆက်သွယ်ကာ လိုက်ထုတ်ရတာတွေ ရှိသလို ငွေပေးပေမဲ့ ပြန်မလွတ်လာသူတွေ ရှိတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။

တချို့မြို့တွေမှာတော့ ဖမ်းဆီးခံရသူတွေကို သူတို့ရဲ့ ယာဉ်နဲ့အတူ ခေါ်ဆောင်သွားပြီး မိသားစုနဲ့ အဆက်အသွယ်မရတော့ဘဲ ရှေ့တန်းရောက်မှ ပြန်ဆက်သွယ်လာကြသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

မဒေါက်မြို့မှာတော့ မြို့ထဲနေရာအနှံ့မှာ လိုင်စင်မဲ့ယာဉ်တွေ ဖမ်းဆီးတာနဲ့အတူ ပေါ်တာဆွဲခံရတာတွေ များနေတာကြောင့် လက်လုပ်လက်စား နေ့စားအလုပ်သမားတွေအနေနဲ့ အပြင်ထွက် အလုပ်ကိုင်ဖို့ အခက်အခဲတွေလည်း ကြုံနေကြရပါတယ်။

မဒေါက်မြို့ခံတယောက်က “ဆိုင်ကယ်က လိုင်စင်မရှိဘူး၊ လူဆွဲသွားတယ်ဆိုရင်တော့ ဆိုင်ကယ်ရော လူရော အပြီးပဲ။ တကယ်လို့ လိုက်နိုင်ခဲ့ရင်တောင် ဆိုင်ကယ်က ပြန်မရဘူး၊ လူကတော့ ပြန်ရတယ်။ ပေါ်တာဆွဲတယ်တော့ မဟုတ်ဘူး၊ လိုင်စင်ဖမ်းတယ်ဆိုပြီး ဖမ်းတာ။ မဒေါက်မြို့မှာတင် ပျမ်းမျှ ၄၀ လောက် အဖမ်းခံရပြီး ၂၀ ဝန်းကျင်က ပြန်လွတ်လာတယ်။ ၂၀ က အပြီးပါသွားတယ်။ မဒေါက်မှာ ဖမ်းတယ်ဆို မဒေါက်အပိုင်ရဲစခန်းကိုသွား၊ လူကြီးတွေ ဘာတွေဆီကို သွားပြီး ဒီလူတယောက်ကို ထုတ်ပေးမယ်ဆို ဘယ်လောက်ပေးမယ်ပေါ့။ အဲလိုပြောပြီးတော့ တချို့လူတွေကျတော့လည်း ပိုက်ဆံသာကုန်သွားတယ်၊ လူပြန်မရတဲ့သူတွေလည်း ရှိတယ်။ တချို့လူတွေကျတော့လည်း ပိုက်ဆံတော့ကုန်တယ် လူတော့ပြန်ရတယ်” လို့ ပြောပါတယ်။

စစ်ကောာင်စီက အခုနှစ် ဇန်နဝါရီကနေ စက်တင်ဘာလအတွင်း စစ်မှုထမ်းအပတ်စဉ် ၉ ကနေ ၁၇ အထိ အပတ်စဉ် ၉ ခု ဖွင့်လှစ်ခဲ့ပြီး လူငယ် ၈,၀၀၀ ကျော် စစ်မှုထမ်းအတွက် ဖမ်းဆီးခံခဲ့ရတယ်လို့ NUG လူ့အခွင့်အရေး ဝန်ကြီးဌာနရဲ့ စာရင်းအရ သိရပါတယ်။

သီရိ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024