Home
မြန်မာသတင်း
ဗိုလ်တထောင်တွင် သက်ငယ်မုဒိမ်းမှု ကျူးလွန်သူကို ဖမ်းမိ
DVB
·
September 23, 2025
Photo: ရှင်သန်ရေးကူညီမှုအသင်း
ShinThanYay-Ambulance

ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်က ၄ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်မှု ကျူးလွန်ခဲ့တဲ့ အမျိုးသားတယောက်ကို  ရဲက ဖမ်းမိသွားပြီလို့ သိရပါတယ်။

ကျူးလွန်သူကို စက်တင်ဘာ ၂၁ ရက်၊ ညပိုင်းက သင်္ဃန်းကျွန်းမြို့နယ်မှာ ဖမ်းမိခဲ့တာလို့ ရဲစခန်းက အကြောင်းကြားတယ်လို့ အဲဒီဖြစ်စဉ်မှာ လိုက်ပါကူညီခဲ့တဲ့ ပရဟိတအဖွဲ့ရဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

“မနေ့က ည ၇ နာရီလောက်မှာ သင်္ဃန်းကျွန်းဘက်မှာ ဖမ်းမိတဲ့အကြောင်း ဖုန်းဆက်ပြီးတော့ အကြောင်းကြားလာပါတယ်ဗျ။ ဒီမနက် ဖုန်းဆက်တာတာပေါ့၊ ဖမ်းမိတဲ့အကြောင်း တင်ပေးဖို့။”

အသက် ၄ နှစ်အရွယ် တောင်းရမ်းစားသောက်တဲ့ မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခံထားရတဲ့ အနေအထားနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်က ဗိုလ်တထောင်မြို့နယ်ထဲက ၄၈ လမ်း၊ အနော်ရထာလမ်းနဲ့ မဟာဗန္ဓုလလမ်းကြားက ကားပါကင်နေရာတခုမှာ တွေ့ခဲ့ရတာပါ။

အဲဒါကြောင့် သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးအဖွဲ့နဲ့ ရဲတပ်ဖွဲ့ကို အကြောင်းကြားပြီး ဟယ်လ်ပင် ကလေးဆေးရုံကို ပို့ဆောင်ကာ သက်ဆိုင်ရာကို အပ်နှံခဲ့တာလို့ လိုက်ပါကူညီခဲ့တဲ့ ရှင်သန်ရေး ကူညီမှုအသင်း တာဝန်ရှိသူတယောက်က ပြောပါတယ်။

ကလေးငယ်ဟာ လက်ရှိအချိန်ထိ ကလေးဆေးရုံမှာပဲ ရှိနေသေးပြီး လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ခံယူနေရပါတယ်။

ရှင်သန်ရေး ကူညီမှုအသင်း တာဝန်ရှိသူတယောက်က “ကလေးကို ဆေးရုံမှာ ၅ ရက်လောက် ထားမယ်လို့ ပြောပါတယ်။ ထားပြီးတော့မှ လိုအပ်တဲ့ ဆေးကုသမှုတွေ လုပ်ပေးမယ်၊ စောင့်ကြည့်မယ်ပေါ့” လို့ သူက ပြောပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဗိုလ်တထောင်မြို့နယ်ရဲစခန်းက တာဝန်ရှိသူတွေက အနီးအနားမှာရှိတဲ့ CCTV မှတ်တမ်းတွေကို စစ်ဆေးပြီး တရားခံဖမ်းမိရေး ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး ၅ ရက်အကြာမှာ ကျူးလွန်သူကို ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

ပြစ်မှုကျူးလွန်သူနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

ကျူးလွန်ခံရတဲ့ မိန်းကလေးငယ်ဟာ ပုဇွန်တောင်မြို့နယ်၊ သီတာဆိပ်ကမ်းက လိုင်းခန်းမှာ နေထိုင်ပြီး ဗိုလ်တထောင်မြို့နယ်ထဲမှာ လာရောက်တောင်းရမ်းနေတဲ့ ကလေးငယ် ဖြစ်ပါတယ်။

ကလေးငယ်ရဲ့ လက်ရှိကျန်းမာရေးအခြေအနေနဲ့ တရားခံကို ဘယ်လိုအရေးယူမယ် ဆိုတာတော့ ရဲအရေးပိုင်တဲ့ကိစ္စဖြစ်လို့ မသိရှိရဘူးလို့ ရှင်သန်ရေးကူညီမှုအသင်းက တာဝန်ရှိသူတယောက်က DVB ကို ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024