
ရန်ကုန်မှာ စစ်ဘေးရှောင်ဦးရေဟာ စက်တင်ဘာ ၁၆ ရက်အထိ ကောက်ယူထားတဲ့ စာရင်းအရ အယောက် ၅၀,၀၀၀ ဝန်းကျင်ရှိတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်ကောင်စီက အခုရက်ပိုင်းအတွင်း ရန်ကုန်မှာ နေထိုင်တဲ့ စစ်ဘေးရှောင်တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေကို တွေ့ဆုံခိုင်းပြီး ထောက်ပံ့ကြေးပေးကာ ကြိုတင်မဲ ဒါမှမဟုတ် မဲပေးဖို့ စည်းရုံးပြောဆိုတာလို့ တောင်ဒဂုံမြို့နယ်အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
“စစ်ဘေးရှောင်တွေကို ၆ လအတွင်း နေတဲ့သူရော၊ အခုမှရောက်တဲ့သူရော စာရင်းကောက်ရတယ်။ ကောက်ပြီးတော့ အဲဒီလူတွေကို ဓမ္မာရုံလို နေရာမျိုးမှာ စုပေးရတယ်။ လူစုပြီးပြီးဆို စစ်တပ်ရော ထွေအုပ်ရော ရောက်လာပြီး ကြိုတင်မဲ ဘယ်လိုပေးမလဲ မေးတာ။ တောင်ဒဂုံမှာ ရခိုင်စစ်ဘေးရှောင်ပဲ ၁၀၀၀ ကျော်ရှိတယ်။”
စစ်ကောင်စီက စက်တင်ဘာ ၁၅ ရက်အထိ ကောက်ယူထားတဲ့ စာရင်းအရ ရန်ကုန်တိုင်းအတွင်း စစ်ဘေးရှောင် ၄၈,၅၅၅ ယောက်ရှိပြီး လက်ရှိမှာလည်း ထပ်ကောက်နေတယ်လို့ ထွေအုပ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
“လက်ရှိစာရင်းအရ ရန်ကုန် တတိုင်းလုံးမှာ ၅၀,၀၀၀ ဝန်းကျင်ပြောရမှာပေါ့။ စာရင်းထဲမှာမပါတဲ့သူ အခုမှရောက်တဲ့လည်း ရှိတယ်။ စာရင်းကောက်တာက ကြိုတင်မဲအတွက် ပုံစံ ၁၅(က) အရ ရန်ကုန်ကနေ မဲပေးမလား။ ဒါမှမဟုတ် ရန်ကုန်ကနေ ပုံစံ ၃(က) လျှောက်ပြီး ဒီမြို့နယ်ကပဲ မဲပေးမလား ဆိုတဲ့ ရည်ရွယ်ချက်ပါ။”
မဲစာရင်းမှာပါရှိပြီး မြို့နယ်ပြင်ပမှာ ရောက်ရှိနေတဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေအနေနဲ့ ကျောင်း၊ သင်တန်း၊ အချုပ်ခန်းနဲ့ ဆေးရုံတွေမှာ လာမယ့် နိုဝင်ဘာ ၂၅ ရက်ကနေ ၂၉ ရက်အတွင်း ကြိုတင်ဆန္ဒမဲပေးရမှာ ဖြစ်တယ်လို့ စက်တင်ဘာ ၁၅ ရက်မှာ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၂၈ ရက်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲပထမပိုင်းမှာ ရန်ကုန်က ၁၂ မြို့နယ် ပါဝင်ပြီး အဲဒီမြို့နယ်တွေထဲမှာ ကမာရွတ်၊ ကျောက်တံတား၊ တိုက်ကြီး၊ တွံတေး၊ တောင်ဒဂုံ၊ ဗိုလ်တထောင်၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ မရမ်းကုန်း ၊သင်္ဃန်းကျွန်း၊ အလုံနဲ့ သန်လျင်မြို့နယ်တွေ ပါဝင်ပါတယ်။
ရွေးကောက်ပွဲပထမပိုင်းကို မြို့နယ် ၁၀၂ မြို့နယ်မှာ ပြုလုပ်သွားမှာဖြစ်ပြီး ၆၁ ပါတီ ဝင်ပြိုင်မှာဖြစ်ကာ အဲဒီထဲက ၄ ပါတီက ဖျက်သိမ်းခံထားရပါတယ်။
အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။