
ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်မှာ စက်တင်ဘာ ၁၈ ရက် မွန်းလွဲပိုင်းက အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်တယောက် အဓမ္မပြုကျင့်ခံရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ လူမှုကူညီရေးအသင်းတွေထံက သိရပါတယ်။
အဲဒီမိန်းကလေးငယ်ကို မနေ့ မွန်းလွဲ ၂ နာရီလောက်က ဗိုလ်တထောင်မြို့နယ်ထဲက ၄၈ လမ်း၊ အနော်ရထာလမ်းနဲ့ မဟာဗန္ဓုလလမ်းကြားက ယာဉ်ရပ်နားရာနေရာတခုမှာ တွေ့ခဲ့ရတာလို့ ဆိုပါတယ်။
ကလေးငယ်ကို ကနဦးတွေ့ရှိကြတဲ့ အနီးပတ်ဝန်းကျင်က ပြည်သူတွေက ဖုန်းဆက် အကူအညီတောင်းလို့ ကူညီဖို့သွားတဲ့အခါမှာ မသင်္ကာစရာ အနေအထား တွေ့ရတာကြောင့် သက်ဆိုင်ရာကို အကြောင်းကြားပြီး ရန်ကုန်ဆေးရုံကြီးကို အရင်ပို့ဆောင်ခဲ့တယ်လို့ ကိုယ်တိုင် သွားရောက်ကူညီခဲ့သူ လူမှုကူညီရေးအသင်းတခုရဲ့ တာဝန်ရှိသူက ပြောပါတယ်။
“သူ့ရဲ့ဂါဝန်မှာပေါ့နော် သွေးကွက်လို ခြောက်နေတာတွေ့တော့ ကျနော်တို့လည်း မြို့နယ်ဆရာဝန်ဆီကိုပေါ့ ချက်ချင်းဖုန်းဆက်တယ်။ ဆရာဝန်မနဲ့ သူတို့အဖွဲ့လည်း ချက်ချင်းရောက်လာတယ်။ ရောက်လာပြီးတော့ သူလည်း သမားရိုးကျမဟုတ်တဲ့အတွက် ချက်ချင်း ဆေးရုံကြီးကို လွှဲပါတယ်ဗျ။ အဲဒီတော့ ကျနော်တို့ ရန်ကုန်ဆေးရုံကြီးကို သွားပါတယ်။ သွားပြီးတော့ အဲဒီမှာ သူတို့ ထပ်စစ်ဆေးပြီးတော့ ကျနော်တို့ ကလေးဆေးရုံကို သွားပါတယ်။”
ကလေးငယ်ကို ရန်ကုန်ဆေးရုံကြီးမှာ လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ပြီး ဟယ်လ်ပင် ကလေးဆေးရုံကို ထပ်လွှဲတဲ့အတွက် သွားရောက်ပို့ဆောင်ပေးခဲ့ပြီး သက်ဆိုင်ရာ ဗိုလ်တထောင်နယ်မြေရဲစခန်းက တာဝန်ရှိသူတွေ လာရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
မိန်းကလေးငယ်ဟာ ပုဇွန်တောင်မြို့နယ်ထဲက သီတာဆိပ်ကမ်း လိုင်းခန်းမှာ နေထိုင်တဲ့သူဖြစ်ပြီး မိဘတွေဟာ နွမ်းပါးတဲ့အတွက် ၄၈ လမ်း မီးပွိုင့်အနီးမှာ လာရောက်တောင်းရမ်းနေတဲ့ ကလေးငယ် ဖြစ်တယ်လို့ နီးစပ်သူတွေထံက သိရပါတယ်။
ဖြစ်စဉ်ဖြစ်ပွားတာ မကြာသေးဘူးလို့ သက်ဆိုင်ရာက ကောက်ချက်ချတယ်လို့ သိရပြီး လက်ရှိမှာ သက်ဆိုင်ရာ နယ်မြေရဲစခန်းက အခင်းဖြစ်ပွားရာအနီးက CCTV မှတ်တမ်းတွေ ပြန်စစ်ဆေးကာ တရားခံဖမ်းမိရေး ဆောင်ရွက်နေတယ်လို့ ဖြစ်စဉ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
ဖြစ်စဉ်မှာ ကူညီခဲ့သူတယောက်က “သက်ဆိုင်ရာ မြို့နယ်မှူးနဲ့ တာဝန်ရှိသူတွေကတော့ ၄၈ လမ်းက CCTV နဲ့ အဲဒီနားက အဆောက်အဦတွေက CCTV တွေကို ကြည့်ပြီး တရားခံဖမ်းမိရေး လုပ်ဆောင်မယ်လို့တော့ ကြားရပါတယ်ဗျ” လို့ ပြောပါတယ်။
လက်ရှိမှာ ကလေးငယ်ကို ဟယ်လ်ပင် ကလေးဆေးရုံကြီးကို ပို့ဆောင်ပြီး လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။