Home
မြန်မာသတင်း
ဥသျှစ်ပင်မြို့တွင် သမီးဖြစ်သူအား အဓမ္မပြုကျင့်မှုသံသယဖြင့် ဖခင်ကို ဖမ်းဆီး
DVB
·
July 22, 2025

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ ရွှေပင်ရပ်ကွက်မှာ အသက် ၁၅ နှစ်အရွယ် သမီးဖြစ်သူအား မုဒိမ်းကျင့်မှု သံသယနဲ့ ဖခင်ကို ရဲတွေက ဖမ်းဆီးပြီး ပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်ထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဇူလိုင် ၁၄ ရက်က ဥသျှစ်ပင်မြို့၊ ရွှေပင်ရပ်ကွက်မှာ နေထိုင်တဲ့ ဦးမောင်ဦးက  အသက် ၁၅ နှစ်အရွယ် သမီးအငယ်ကို မုဒိမ်းကျင့်တယ်ဆိုပြီး သမီးအကြီးဖြစ်သူက နယ်မြေရဲစခန်းကို တိုင်ကြားခဲ့တာလို့ ဖြစ်စဥ်ကိုသိသူတယောက်က ပြောပါတယ်။

“အတော်လေး လူမဆန်တဲ့မိဘဗျာ၊ ကိုယ့်သမီးကို မုဒိမ်းကျင့်ရတယ်လို့၊ ဒါတောင် သမီးအကြီးက တိုင်လို့ ရပ်ကွက်ထဲကသိတာ၊ ရပ်ကွက်ကလည်း လက်မခံဘူး၊ အဲဒီကလေးတွေဘက်က ဝိုင်းပြီး ကူညီပေးဖို့ လုပ်နေတယ်။” 

အခင်းဖြစ်တဲ့နေ့က ဦးမောင်ဝင်းဟာ အရက်သေစာ သောက်စားပြီး သမီးအငယ်ဖြစ်သူအား မုဒိမ်းကျင့်တာကို သမီးအကြီးက မြင်တွေ့ပြီး ရပ်ကွက်ကို အကူအညီတောင်းကာ နယ်မြေရဲစခန်းမှာ အမှုဖွင့်ခဲ့တာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“စခန်းမှာ အမှုဖွင့်ပြီးတော့ ရမန်ယူပြီးစစ်မှ အရက်မူးတိုင်း ကလေးကို မုဒိမ်းကျင့်တယ်ဆိုတာ သိတာ။ အခုတော့ ပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်ထားတယ်။ နောက်အပတ်ထဲ ပြည်ခရိုင်တရားရုံးမှာ ရုံးတင်စစ်ဆေးမှာ။”

လတ်တလောမှာ ဥသျှစ်ပင်နယ်မြေရဲစခန်းက ဦးမောင်ဝင်းကို (ပ)အမှတ် ၇၆/၂၀၂၅ ပုဒ်မ ၃၇၆ နဲ့ ပြည်ခရိုင်တရားရုံးမှာ တရားစွဲဆိုနိုင်အောင် ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၃၀ ရက်ကလည်း ပြည်ခရိုင်တရားရုံးက ပြည်မြို့၊ ရွာဘဲရပ်ကွက်မှာ ပြည့်တန်ဆာအလုပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုနေတဲ့ အမျိုးသမီးတယောက်ကို ဖုန်းနဲ့ ငွေ လုယက်ခဲ့တဲ့ အမျိုးသားကို သေဒဏ်ချခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ကနေ ၂၀၂၅ ခုနှစ်အတွင်း ပဲခူးတိုင်းမှာ သက်ငယ်မုဒိမ်းမှု ၃၆ မှုနဲ့ မုဒိမ်းမှု ၄၂ မှု ဖြစ်ခဲ့ပြီး အမှုပေါင်း ၇၈ မှုထဲက ၅ ယောက်ကို သေဒဏ်ပေးကာ ၇ ယောက်ကို ထောင်တသက်တကျွန်း ချခဲ့ပြီး ကျန်အမှုတွေကို စစ်ဆေးနေတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013