
ကရင်ပြည်နယ်၊ မြဝတီ၊ အမှတ် ၅ ရပ်ကွက်၊ ၁၃ ဂိတ်လမ်းမှာ အောက်တိုဘာ ၅ ရက် မနက် ၅ နာရီကျော်က ဆိုင်ခန်းမီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မီးလောင်မှုကို မြဝတီမြို့နယ်မီးသတ်တပ်ဖွဲ့ရဲ့ အကူအညီနဲ့ မီးငြှိမ်းသတ်ခဲ့တာမှာ အချိန် ၁ နာရီ လောက်အကြာ မနက် ၅ နာရီ ၅၅ မိနစ်လောက်မှာ မီးငြိမ်းသွားခဲ့တယ်လို့ အမှတ် ၅ ရပ်ကွက်နေ မြဝတီမြို့ခံတယောက်က ပြောပါတယ်။
“မနက်အစောကြီး မီးထလောင်တာ။ ၁၃ ဂိတ်အထဲမှာရှိတဲ့ BGF တပ်တွေ ဂိတ်ချထားတဲ့ အထဲမှာ လောင်တာ။ မီးတောက်ကတော့ အရမ်းများတယ်။ ဆိုလာဆိုင်က စတင်မီးလောင်တာလို့ သိရတယ်။”
BGF တပ်တွေ စခန်းချဂိတ်ချထားပြီး လက်နက်ကိုင်တွေ အများစုရှိတဲ့နေရာမို့ ဝင်ကြည့်လို့မရဘူး။ မီးသတ်ကလွဲလို့ ဘယ်သူမှ ဝင်လို့မလွယ်တော့ မီးဘယ်နှအိမ်လောင်တယ်၊ တန်ဖိုး ဘယ်လောက်ဆုံးရှုံးလဲဆိုတာ မသိရဘူးလို့ ဆိုပါတယ်။
စက်တင်ဘာ ၁၈ ရက်ကလည်း မြဝတီမြို့ အမှတ် ၄ ရပ်ကွက်မှာရှိတဲ့ လူနေအိမ်တလုံး မီး လောင်မှု ဖြစ်ပွားခဲ့လို့ ရပ်ကွက်နေပြည်သူတွေနဲ့ မီးသတ်တပ်ဖွဲ့က ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့နိုင်ခဲ့ပြီး မီးလောင်မှု ဖြစ်ပွားခဲ့တဲ့ အိမ်ပိုင်ရှင်ကိုတော့ စစ်ဆေးပြီး အရေးယူခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။