ရှမ်းပြည်နယ်မြေက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာမှာ စက်တင်ဘာ ၁၈ ရက် ညနေနဲ့ ညပိုင်းက ရပ်ကွက် ၂ ခုက နေအိမ် ၂ လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ အမျိုးသမီးတယောက်က “ရပ်ကွက် ၃ က ဆီဆိုင်၊ အထည်ဆိုင်၊ အလှဆိုင်တွေရော ဖွင့်ထားတာ အကုန်လောင်သွားတယ်။ မီးသတ်ကားကလည်း မြန်မြန်မရောက်လာဘူး။ နောက်မှရောက်လာတော့ အကုန်လောင်သွားပြီ။ အပြောင်ပဲ။ ဘာမှကို မရလိုက်ဘူး။ ခြံဝန်းကျယ်ဝောာ့ အိမ်နီးနားတွေက မီးတော့ နည်းနည်းဟပ်တယ်။ ဝက်ကုမ္ပဏီလည်း ဖွင့်တဲ့အိမ် ဟုတ်တယ်” လို့ ပြောပါတယ်။
ဆီပန့်မှာ ဆီဖြည့်ထားပြီး ဝက်စာ သွားကျွေးနေချိန် ဆီတွေ လျှံကျလာကာ အိမ်ဘေးဘက်ကနေ မီးဖိုချောက်ဘက်က မြောင်းထဲထိ စီးလာချိန် မီးထလောင်လာတာလို့ မျက်မြင် ဒေသခံတယောက်က ပြောပါတယ်။
မီးစလောင်လာချိန် အိမ်နီးနားချင်းတွေပါ ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ပေမဲ့ ဓာတ်ဆီဖြစ်တာကြောင့် မိနစ် အနည်းငယ်အတွင်း မီး လျင်လျင်မြန်မြန် ကူးစက်ကုန်တာကြောင့် ဘာပစ္စည်းမှ မရလိုက်ဘဲ အိမ်ရှင်အမျိုးသားက ကားမောင်းယူဖို့လုပ်နေချိန် ခြေထောက်ကို မီးဟပ်သွားတာကြောင့် ကားလည်းမရလိုက်ဘူးလို့ သူက ပြောပါတယ်။
နောက်ထပ် ဒေသခံ အမျိုးသမီးတယောက်က “မနေ့ည ကျမတို့ ရပ်ကွက် ၁ ဘက်က တရုတ်သူဌေးအိမ် တအိမ်လည်း မီးလောင်တယ်။ အဲဒီအချိန်တော့ မီးသတ်ကားတွေ အချိန်မီရောက်လာပြီး ဘေးအိမ်တွေ မကူးအောင် ကယ်လိုက်နိုင်တော့ အိမ်မကြီးပဲ လောင်တယ်။ အဲဒီဘက်မှာက အိမ်တွေနီးနီးကပ်ကပ်ပဲ။ ငွေသားတွေတော့ အများကြီး အများကြီး လောင်သွားတယ်လို့ ပြောတယ်” လို့ ပြောပါတယ်။
သက်ကြီးရွယ်အို အဘိုးနဲ့ အဘွား နှစ်ယောက်ပဲ ရှိနေချိန်ဖြစ်ပြီး အိမ်အပေါ်ထပ် ဘုရားစင် ဖယောင်းတိုင်မီး ထွန်းထားရာက စတင် မီးကူးစက် လောင်ကျွမ်းသွားတာဖြစ်ပြီး ကားတွေကတော့ ထုတ်ယူနိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၄ ရက်ကလည်း နမ့်ဖတ်ကာက ဆီပန့်ဆိုင်တဆိုင် မီးလောင်ကျွမ်းခဲ့ပြီး လူတယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။