Home
နိုင်ငံတကာ
ဘန်ကောက် ကျောက်ဖယားမြစ်တွင် လှေသင်္ဘော ၃ စင်း  မီးလောင် 
DVB
·
September 15, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ ဘန်ခေါလဲမ်နယ်မြေရှိ ကျောက်ဖယားမြစ်ထဲမှာ စက်တင်ဘာ ၁၄ ရက် မနေ့ညနေပိုင်းက ခရီးသည်တင် လှေသင်္ဘော ၃ စင်း  မီးလောင်သွားခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

အဆိုပါ သင်္ဘောတွေဟာ ChaoPhraya Express Boat ကုမ္ပဏီအပိုင်ဖြစ်ပြီး ဘန်ကောက်နဲ့ နွန်ထပူရီခရိုင်ကြား ပြေးဆွဲနေတာဖြစ်ပါတယ်။

မနေ့ညနေပိုင်းက ဝပ်ရာ့ချ်ဆင်းခွန်ဆိပ်ခံတံတားနား ဂျောက်ချရပ်နားထားစဉ် သင်္ဘောတစင်းရဲ့ အမြီးပိုင်းကနေ မီးစလောင်တာလို့ အခင်းဖြစ်ပွားရာ နေရာရှိ နိုင်းထဝီးဆဒ်ဆိုသူ ဆိပ်ကမ်းလုံခြုံရေး ဝန်ထမ်းတယောက်က ပြောပါတယ်။ 

မနေ့ညနေ ၆ နာရီ ၄၅ မိနစ်လောက်က သင်္ဘောတွေအားလုံး ဆိပ်ကမ်းရောက်ပြီမို့  လိုအပ်သလို စစ်ဆေးပြီး တခြားသင်္ဘောတစင်းပေါ်မှာ အနားယူနေစဉ် အနီးရှိ သင်္ဘောတစင်းရဲ့ အမြီးပိုင်းမှာ မီးလောင်နေတာ တွေ့ရတယ်၊ သူက အသင့်ဆောင်မီးသတ်ဘူး ၂ ဘူးနဲ့ ငြှိမ်းသတ်ခဲ့ပေမဲ့ မီးရှိန်ပြင်းတာကြောင့် အကုန်မငြှိမ်းနိုင်ဘူး၊ အဲဒီနား ကျောက်ချရပ်ထားတဲ့ သင်္ဘော ၂ စင်းဟာ ကမ်းစပ်နဲ့ တွဲချည်ထားတဲ့ ကြိုး ၂ ချောင်းလုံး မီးလောင် ပျက်စီးပြီး အဆိုပါသင်္ဘော ၂ စင်းမှာ မီးလောင်လျက်နဲ့ ရေထဲ မျောပါသွားခဲ့တယ်လို့ လုံခြုံရေး ဝန်ထမ်းက ပြောပါတယ်။

သူလည်း သက်ဆိုင်ရာကို ဖုန်းဆက်ပြီး အမြန်ဆုံး လာရောက်ကူညီဖို့ အကူအညီတောင်းခဲ့တယ်၊ မီးသတ်နဲ့ ရေကြောင်းကယ်ဆယ်ရေးဝန်ထမ်းတွေက ဆိပ်ကမ်းနားက သင်္ဘောကို နာရီဝက်အတွင်း မီးငြှိမ်းသတ်နိုင်ခဲ့ပေမဲ့ ရေထဲမျောသွားတဲ့ သင်္ဘော ၂ စင်းကိုတော့ ခဲရာခဲဆစ် ကူညီရတာကြောင့် ဆုံးရှုံးမှု များပြားတယ်၊ သင်္ဘောထဲမှာ လူမရှိတော့ ထိခိုက်ဒဏ်ရာရသူမရှိဘူး ဆိုပါတယ်။ 

မီးလောင်ရတဲ့ အကြောင်းရင်းမှာ ဘက်ထရီ ထားတဲ့အခန်းကနေ ဝါယာရှော့ခ် ဖြစ်တယ်လို့ ယူဆရကြောင်း၊ ဆုံးရှုံးမှုတန်ဖိုးကို ခန့်မှန်းလို့မရသေးဘဲ မီးလောင်ရတဲ့ အကြောင်းရင်းကို အသေအချာ သိရဖို့ ကော်မတီဖွဲ့ပြီး စုံစမ်းနေတယ်လို့ တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။ 

Source : Khaosod / Amarin  TV News

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013