
ပါကစ္စတန်နိုင်ငံရဲ့ အကြီးဆုံးမြို့တော် ကရာချိရှိ မီးရှူးမီးပန်း ဂိုထောင်တခုမှာ သြဂုတ် ၂၁ ရက်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၃၄ ယောက် ဒဏ်ရာရရှိခဲ့ကာ ဒေသခံတွေအကြား အထိတ်တလန့် ဖြစ်ခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အဒ်ဟီ ကယ်ဆယ်ရေးတာဝန်ခံ မိုဟမ်မဒ်အာမီးန်က “M.A. ဂျင်နားလမ်းမှာ မီးရှူးမီးပန်းဆိုင်တဆိုင် ပေါက်ကွဲခဲ့ပြီး မီးလောင်မှု အကြီးအကျယ် ဖြစ်ပွားခဲ့ပါတယ်။ လူ ၂၅ ယောက်ကျော် ဒဏ်ရာရရှိခဲ့ပြီး ဂျင်နားဆေးရုံနဲ့ မြို့ပြဆေးရုံတွေကို ပို့ဆောင်ထားပါတယ်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေလည်း ဆက်လုပ်နေပါတယ်” လို့ ပြောပါတယ်။
ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ဂိုထောင်နဲ့ အနီးနားရှိ ဈေးဆိုင်တချို့ မီးလောင်ခဲ့ပြီး အသေးစား ပေါက်ကွဲမှုတွေလည်း အများအပြား ရှိခဲ့တာကြောင့် ဒေသခံတွေကို ဘေးကင်းစေဖို့အတွက် ဆိပ်ကမ်းမြို့ရဲ့ လူစည်ကားတဲ့ လမ်းမတွေပေါ် ထွက်ပြေးခိုင်းခဲ့ပါတယ်။
မီးသတ်သမားတွေ မီးငြှိမ်းသတ်နေချိန်မှာ အထပ်ပေါင်းများစွာမြင့်တဲ့ အဆောက်အအုံကနေ မီးခိုးတွေ ထွက်လာတယ်လို့ ပြည်တွင်း သတင်းချန်နယ်တွေမှာ ပြသထားပါတယ်။ ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းအပေါ် သက်သေအချက်အလက် မရှိခဲ့ပါဘူး။
ပေါက်ကွဲမှုရဲ့ သက်ရောက်မှုက အနီးနားရှိ ဈေးဆိုင်တွေမှာ မှန်တွေ ကွဲကြေသွားလောက်အောင် ပြင်းထန်ခဲ့ပြီး လမ်းပေါ်ရှိ လူတွေကို ဖန်ကွဲစတွေ လွင့်စင်ထိခိုက်ခဲ့ပါတယ်။
ဒဏ်ရာရသူ ၃၄ ယောက်ထက်မနည်းကို ဆေးရုံတင်ထားရကြောင်း ရဲအရာရှိ ဆူမီးယားတာရိခ်က ပြောကြားပြီး သူတို့ထဲက ၄ ယောက်ကတော့ စိုးရိမ်ရတဲ့အခြေအနေ ရှိနေပါတယ်။
Source: Reuters