
ပါကစ္စတန်အနောက်မြောက်ပိုင်းက ကယ်ဆယ်ရေးအဖွဲ့တွေဟာ သြဂုတ် ၁၉ ရက်မှာ အပြင်းအထန် ရွာသွန်းခဲ့တဲ့မိုးကြောင့် အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေရာ ဝေးလံခေါင်သီတဲ့ တောင်ပေါ် ကျေးရွာတရွာမှာ သေဆုံးသူ ၂၀ ထက်မနည်း တွေ့ရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
သြဂုတ် ၁၅ ရက်ကစပြီး ခီဘာ ပတ်ရှ်တွန်ခွါပြည်နယ်မှာ ရေကြီးမှုကြောင့် သေဆုံးသူ စုစုပေါင်း ၃၅၈ ဦးရှိခဲ့ပြီး သူတို့ထဲက အယောက် ၂၀၀ ကျော်က အခြေအနေ အဆိုးရွားဆုံး ဘန်နာခရိုင်ကပါ။ သေဆုံးသူတွေထဲမှာ ကလေးငယ် အယောက် ၃၀ ပါတယ်လို့ ပြည်နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့က ပြောပါတယ်။
အသက်ရှင် ကျန်ရစ်သူတွေမှာ ဘာမှမကျန်တော့လို့ အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့ (NDMA) နဲ့ ပြည်နယ် အာဏာပိုင်တွေက ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့တဲ့ အိမ်တွေနဲ့ အခြေခံအဆောက်အအုံတွေ ပျက်စီးသွားတဲ့ ဒေသဆီ ဆေးဘက်ဆိုင်ရာ အဖွဲ့တွေနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို ပေးပို့ခဲ့ပါတယ်။
ပါကစ္စတန်နိုင်ငံဟာ မကြာသေးမီက မုတ်သုံမိုး ရွာသွန်းမှုနဲ့ ရေခဲတောင်တွေ အရည်ပျော်မှုတွေကြောင့် နိုင်ငံတဝန်း အကြီးအကျယ် ပျက်စီးဆုံးရှုံးခဲ့တာပါ။
ရာသီဥတု နဲ့ ဆက်စပ်တဲ့ ကပ်ဘေးတွေကို ပါကစ္စတန်နိုင်ငံက ပိုပိုပြီး ခုခံနိုင်စွမ်း နည်းလာနေပါတယ်။
အခု မုတ်သုံရာသီမှာ မိုးသည်းထန်ရွာသွန်းပြီး ရေကြီးရေလျှံခဲ့လို့ ပါကစ္စတန်တဝန်းမှာ ဇွန်လနှောင်းပိုင်းကစပြီး ခုထိ လူပေါင်း ၆၉၅ ဦး သေဆုံးခဲ့ပါတယ်။
Source: Reuters