Home
နိုင်ငံတကာ
ပါကစ္စတန်က အာဖဂန်ဒုက္ခသည်များကို နေရပ်ပြန်ပို့
DVB
·
August 12, 2025
Photo: REUTERS/Hedyatshah Hedayat

ပါကစ္စတန်အစိုးရက မှတ်တမ်းရှိတဲ့ ဒုက္ခသည်တွေကို ဖြိုခွင်းနေလို့ သူတို့အိမ်တွေကနေ နှင်ထုတ်ခံရတဲ့ အမျိုးသမီးတွေ၊ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် ဒါဇင်ပေါင်းများစွာသော အာဖဂန်ဒုက္ခသည် မိသားစုတွေဟာ အစ္စလမ္မာဘတ်မြို့က အများပိုင် ပန်းခြံတခုမှာ စုဝေးခဲ့ကြပါတယ်။

အာဏာပိုင်တွေ ဒါမှမဟုတ် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း အန်ဂျီအိုတွေရဲ့ အကူအညီမပါဘဲ ရဲတပ်ဖွဲ့ရဲ့ ဝင်ရောက်စီးနင်းမှု၊ စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ တာလီဘန်အုပ်ချုပ်တဲ့ အာဖဂန်နစ္စတန် နိုင်ငံဆီ ပြည်နှင်ဒဏ်ခံရမှာကို ကြောက်ရွံ့မှုတွေ ခံစားခဲ့ရတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

မှတ်တမ်းတင်ထားတဲ့ အာဖဂန်ဒုက္ခသည်တွေ အားလုံးကို စက်တင်ဘာ ၁ ရက် နောက်ဆုံးထားပြီး ပါကစ္စတန်နိုင်ငံထဲကနေ ထွက်သွားဖို့ ပါကစ္စတန်အစိုးရက သတ်မှတ်ထားပါတယ်။

သူတို့ကို ပြည်နှင်ဒဏ်ပေးတာကတော့ နောက်ဆုံးသတ်မှတ်ရက်မတိုင်မီ စတင်နေပြီလို့ UNHCR က ဆိုပါတယ်။

“သွားစရာနေရာ မရှိပါဘူး။ ကျမသမီးက တက္ကသိုလ်တက်နေတယ်။ ပြန်ပို့ရင် တာလီဘန်တွေရဲ့ ရက်စက်မှုကို ရင်ဆိုင်ရလိမ့်မယ်” လို့ ပါကစ္စတန်မှာ ကလေးတွေမွေးထားတဲ့ အသက် ၄၅ နှစ်အရွယ် ဖာတီမာ ခါတွန်က ပြောပါတယ်။

အစ္စလာမ္မစ် တာလီဘန်တွေက ၂၀၂၁ ခုနှစ်မှာ အာဏာပြန်ရလာချိန်ကစပြီး ကျောင်းတက်ခွင့်၊ အလုပ်နဲ့ နေ့စဉ်ဘဝမှာ အထွေထွေလွတ်လပ်မှု အပါအဝင် အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို ကန့်သတ်ချုပ်ချယ်ထားပါတယ်။

အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို နှိပ်စက်ညှဉ်းပန်းမှု စွပ်စွဲချက်နဲ့ တာလီဘန်ခေါင်းဆောင် ၂ ယောက်ကို နိုင်ငံတကာ ရာဇ၀တ်တရားရုံးက ဇူလိုင်လမှာ ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။

အဲဒီအချိန်က စွပ်စွဲချက်တွေကို တာလီဘန်တို့က ပယ်ချခဲ့ပြီး အစ္စလာမ့်ဥပဒေရဲ့ တင်းကျပ်တဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်နဲ့အညီ အမျိုးသမီး အခွင့်အရေးကို လေးစားတယ်လို့ ပြောခဲ့ပါတယ်။

ပါကစ္စတန်အစိုးရကတော့ တရားဝင် ပြည်ဝင်ခွင့်ဗီဇာရှိသူတွေက လွဲလို့ အာဖဂန်နိုင်ငံသား အားလုံးကို ထွက်ခွာစေချင်တယ်လို့ ပါကစ္စတန်အာဏာပိုင်တွေက ပြောခဲ့ပါတယ်။

ပါကစ္စတန်ရဲ့ နေရပ်ပြန်ပို့ရေး အစီအစဉ်ကို လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ခဲ့ပါတယ်။

အာဖဂန်နစ္စတန်ရဲ့ စီးပွားရေး ပြိုလဲနေပေမဲ့ အခုနှစ်အတွင်း အာဖဂန်နိုင်ငံသား ၂ ဒသမ ၁ သန်းကျော် ပြန်သွားခဲ့ကြပြီးပါပြီ။

နှင်ထုတ်တာတွေ ဆက်ဖြစ်နေပြီး ဒုက္ခသည်တွေကတော့ တရားဥပဒေဘောင်အတွင်းမှာ မသေချာ မရေရာတဲ့ အခြေအနေမှာ ရှိနေပါတယ်။

ပါကစ္စတန်အစိုးရရဲ့ နေရပ်ပြန်ပို့ရေးဟာ ၂၀၂၃ ခုနှစ် နှောင်းပိုင်းမှာ စတဲ့ တရားမဝင် နိုင်ငံခြားသား နေရပ်ပြန်ပို့ရေး အစီအစဉ်လို့ ခေါ်တဲ့ လှုပ်ရှားမှုတရပ်ရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။

အာဖဂန်နစ္စတန်ဟာ ပါကစ္စတန်ရဲ့ နေရပ်ပြန်ပို့ရေးအပြင် အီရန်ကနေ အစုလိုက်အပြုံလိုက် နှင်ထုတ်ခံရမှု လှိုင်းလုံးအသစ်နဲ့လည်း ရင်ဆိုင်နေရပါတယ်။

အစုလိုက် အပြုံလိုက် ပြန်ဝင်လာခြင်းက တိုင်းပြည်မှာ မတည်မငြိမ်ဖြစ်စေမယ့် အန္တရာယ် ရှိလာမှာကို အကူအညီပေးရေးအဖွဲ့တွေက စိုးရိမ်နေကြပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013