Home
နိုင်ငံတကာ
ပါကစ္စတန်တွင် ဓလေ့ထုံးစံအခြေခံ သတ်ဖြတ်မှုများအတွက် တရားမျှတမှုရရန် တောင်းဆို
DVB
·
July 30, 2025
Photo: REUTERS / PTV

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဝေးလံခေါင်သီတဲ့ဒေသမှာ အမျိုးသမီးတယောက်နဲ့ သူ့ရဲ့ချစ်သူကို ‘ဂုဏ်သိက္ခာကြောင့် သတ်ဖြတ်ခြင်း’ အမှု ဖြစ်ပွားခဲ့တဲ့ ဗီဒီယိုတခု အင်တာနက်မှာ ပျံ့နှံ့လာပြီးနောက် အမျိုးသားရေးဒေါသကို လောင်ကျွမ်းစေခဲ့ပြီး နှစ်ရှည်လများ လူမျိုးစုတွေရဲ့ ဓလေ့ထုံးတမ်းတွေကို ပြန်စိစစ်ဖို့နဲ့ ဒီလိုသတ်ဖြတ်မှုတွေ မကြာခဏ တိတ်တိတ်ဆိတ်ဆိတ် ပြီးဆုံးသွားလေ့ရှိတဲ့ တိုင်းပြည်မှာ တရားမျှတမှု ဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဘာလိုချီစ်တန်ပြည်နယ်ရဲ့ မြို့တော် ကူအက်တာမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဒါဇင်နဲ့ချီတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေဟာ ကြွေးကြော်သံတွေကို ကြွေးကြော်ပြီး နဖူးစည်းဆိုင်းဘုတ်တွေ ကိုင်ဆောင်ကာ တရားမျှတမှုနဲ့ အပြိုင်တရားစီရင်ရေးစနစ်တွေ ရပ်တန့်ရေး တောင်းဆိုခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံမှာ နှစ်စဉ် ရာနဲ့ချီတဲ့ ‘ဂုဏ်သိက္ခာကြောင့် သတ်ဖြတ်ခြင်း’ အမှုတွေကို အစီရင်ခံ တင်ပြခဲ့ပေမဲ့ အများသူငါ သို့မဟုတ် ဥပဒေကြောင်းအရ တုံ့ပြန်မှုအနည်းငယ်သာ ရှိတတ်ပေမဲ့ ဘာလိုချီစ်တန်ပြည်နယ်မှာ အိမ်ထောင်ရေးဖောက်ပြန်မှုနဲ့ စွပ်စွဲခံထားရတဲ့ အမျိုးသမီးနဲ့ အမျိုးသားတယောက်ကို သတ်ပစ်ဖို့ အမျိုးသားတစုက သဲကန္တာရကို ခေါ်ဆောင်သွားပြီး သတ်ဖြတ်ခဲ့တဲ့ ဗီဒီယိုဟာ မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားပြီးနောက် အစိုးရက ခပ်မြန်မြန် အရေးယူ ဆောင်ရွက်ခဲ့ပြီး နိုင်ငံရေးသမားတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ဘာသာရေးခေါင်းဆောင်တွေဆီက ပြစ်တင်ရှုတ်ချမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဟာ ဘာလိုချီစ်တန်ပြည်နယ်ရှိ နာစီရာဘဒ်ခရိုင်မှာ လူမျိုးစုအကြီးအကဲ ရှားဘတ်ဇ် ဆာတက်ခ်ဇိုင်နဲ့ အသတ်ခံရသူ အမျိုးသမီးရဲ့ မိခင်ဂူလ်ဂျန်ဘီဘီ အပါအဝင် လူပေါင်း ၁၆ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။

ဒီသတ်ဖြတ်မှုဟာ ရာစုနှစ်ချီရှိနေတဲ့ ဘာလို့ချ် ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာတွေကို အခြေခံပြီး မိသားစုနဲ့ ဒေသခံ ရပ်မိရပ်ဖတွေက သတ်ဖြတ်တာဖြစ်ပြီးတော့ လူမျိုးစုအကြီးအကဲရဲ့ အမိန့်ကြောင့် သတ်ဖြတ်တာ မဟုတ်ဘူးလို့ သေဆုံးသူ အမျိုးသမီးရဲ့မိခင် ဂူလ်ဂျန် ဘီဘီက ပြောဆိုပါတယ်။

အစိုးရရဲ့တုံ့ပြန်မှုဟာ တရားမျှတမှု ရဖို့ထက် လူမြင်ကောင်းအောင် လုပ်ပြနေတာလို့ နိုင်ငံသားအခွင့်အရေးရှေ့နေ ဂျီဘရန် နာစီယာက ပြောပါတယ်။

“ဒီအဖြစ်အပျက်က လွန်ခဲ့တဲ့လပိုင်းလောက်က ဖြစ်ခဲ့တဲ့ သတင်းတွေပါ။ ဒါကို လူပေါင်း သန်း ၂၄၀ လောက်က လူမှုမီဒီယာမှာ မြင်ပြီးသွားမှသာ အစိုးရက စပြီး အရေးယူလုပ်ဆောင်ခဲ့တာပါ” လို့လည်း ဆိုပါတယ်။

ပါကစ္စတန်အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေဟာ ရာဇ၀တ်မှုတခုအတွက် အမှန်တကယ် တုံ့ပြန်ခြင်းမရှိသေးဘဲ လူသိများသွားတဲ့ အခိုက်အတန့်တခုကိုသာ တုံ့ပြန်ခဲ့တာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013