Home
မြန်မာသတင်း
ကျောက်တော်တွင် အမျိုးသမီး ၁ ဦး ဓားပြတိုက် သတ်ဖြတ်ခံရ
DVB
·
July 28, 2025

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ ပြိန်းချောင်းကျေးရွာမှာ ဓားပြတိုက်မှုတခု ဖြစ်ပွားခဲ့ပြီး အိမ်ရှင်အမျိုးသမီး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြိန်းချောင်းကျေးရွာမှာ ဇူလိုင် ၂၄ ရက် ညက ဓားပြတိုက်မှုတခု ဖြစ်ပွားခဲ့တာမှာ အိမ်ရှင်အမျိုးသမီး ဓားထိုးဒဏ်ရာ ၂ ချက်နဲ့ သေဆုံးနေတာ တွေ့ရတယ်လို့ ပြိန်းချောင်းကျေးရွာသားတယောက်က ပြောပါတယ်။

“အဲဒီအိမ်မှာက အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတဦးတည်း အိပ်နေတဲ့အချိန်မှာ ဓားပြတိုက်ခံရတာ။ အဲဒီနေ့ညက မိုးကလည်း အရမ်းရွာနေတော့ အကူအညီတောင်းသံလည်း မကြားလိုက်ကြဘူး။ မနက်မိုးလင်းလို့ သူ့ရဲ့သားဖြစ်သူ အိမ်လာပြီးမှ ဓားထိုးဒဏ်ရာ ၂ ချက်နဲ့ အတူ သေဆုံးနေတာကို တွေ့ရတာ။ ရွှေ ၃ ကျပ်သား၊ ငွေ ၄ သိန်းနဲ့ ဖုန်းတလုံး ပါသွားတယ်။ ဒီအတိုင်းဆို တော်တော်လေးကို စိုးရိမ်စရာ ဖြစ်နေပြီ။”

ဓားပြတိုက်ပြီး အသတ်ခံလိုက်ရသူမှာ ကျောက်တော်မြို့နယ်၊ ပြိန်းချောင်းကျေးရွာက အသက် ၆၂ နှစ်အရွယ် ဒေါ်ဝင်းယဉ်နု ဖြစ်ပြီး သူ့ရဲ့ လည်ပင်းနဲ့ ရင်အုံအောက်မှာ ထိုးသွင်းဒဏ်ရာ ၂ ချက်နဲ့အတူ သေဆုံးပြီး တွေ့ရှိတာလို့ ကျေးရွာသားတွေက ပြောပါတယ်။

ဒါ့အပြင် ဇူလိုင်လ ပထမအပတ်ကလည်း ကျောက်တော်မြို့နယ်၊ ကွမ်းအုံချောင်းကျေးရွာက ဆန်စက်ပိုင်ရှင်တယောက်ရဲ့ အိမ်ကို ဓားပြတိုက်ခဲ့ပြီး ရွှေ ၁၀ ကျပ်သားနဲ့ ငွေသား သိန်းရာချီ ပါသွားတယ်လို့ ကျောက်တော်ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လကလည်း ကျောက်တော်နဲ့ မြောက်ဦးအကြားမှာ လမ်းသွားလမ်းလာတွေဆီကနေ ဓားပြတိုက်မှုတချို့ ရှိခဲ့ပြီး ဓားပြတိုက်သူတွေကို ဖော်ထုတ်နိုင်တာမျိုး မရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ရခိုင်ပြည်နယ်က အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသတွေမှာ ဓားပြမှုတွေ ခပ်စိတ်စိတ် တွေ့လာရတာဟာ AA တရားဥပဒေစိုးမိုးနိုင်မှု အားနည်းနေတာကို မီးမောင်းထိုး ပြသနေတာဖြစ်ပြီး အာရက္ခတပ်တော် အနေနဲ့ ပြည်သူတွေရဲ့ လုံခြုံရေးကို အခုထက် အာမခံပေးဖို့ လိုအပ်တယ်လို့ ကျောက်တော်မြို့နယ်က တက်ကြွလူငယ် အမျိုးသားတယောက်က ပြောပါတယ်။

“ရခိုင်က AA ထိန်းချုပ်နယ်မြေအချို့မှာ ဓားပြမှုတွေ၊ လုယက်မှုတွေ ခပ်စိတ်စိတ် တွေ့လာရတာ ရှိတယ်။ ပြိန်းချောင်းဖြစ်စဉ်ဆို လူသတ်ပြီးတော့မှ ဓားပြတိုက်သွားတာဆိုတော့ အင်မတန်ကို တုန်လှုပ်စရာ ဖြစ်တယ်။ ဒီလိုဖြစ်လာနေတာက AA ရဲ့ တရားဥပဒေစိုးမိုးမှု အားနည်းနေတယ်ဆိုတာ မီးမောင်းထိုးပြသလို ဖြစ်နေပြီးတော့ AA အနေနဲ့ ဘယ်လိုဖြေရှင်းမလဲဆိုတာ သိပ်အရေးကြီးတယ်။ အထူးသဖြင့် ပြည်သူတွေအပေါ် လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးမှု အပိုင်းမှာ အခုထက်ပိုပြီး အာမခံပေးဖို့လိုတယ်။”

ကျောက်တော်မြို့နယ်အတွင်း ဓားပြတိုက်ခံရမှု ၂ ခုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ရဲ့ အရေးယူ ဆောင်ရွက်တွေကို သိရဖို့ အာရက္ခတပ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခထံ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အကြောင်းပြန်တာ မရှိသေးပါဘူး။

၂၀၂၄ ခုနှစ်ကလည်း ကျောက်တော်မြို့မှာ ဓားပြတိုက်မှု ၃ ခုထက်မနည်း ဖြစ်ပွားခဲ့သလို လုယက်မှုလည်း ၄ ခုထက်မနည်း ရှိခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

အာရက္ခတပ်တော်ဟာ ရခိုင်ပြည်နယ်က မြို့နယ် ၁၄ ခုနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထားပြီး အဲဒီမြို့နယ်တွေမှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေကို ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013