
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် သုခတော်ဝင်အိမ်ရာမှာ အမျိုးသမီးတယောက်အား သတ်ဖြတ်လုယက်ခဲ့သူ ၃ ယောက်ကို ဇူလိုင် ၇ ရက်က ပျဉ်းမနားခရိုင်တရားရုံးက သေဒဏ်ချမှတ်ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဇမ္ဗူသီရိမြို့နယ် သုခတော်ဝင်အိမ်ရာ တိုက်အမှတ် K-1၊ အခန်း ၁၃ မှာ နေထိုင်တဲ့ ဒေါ်စန္ဒာမိုးကို သတ်ဖြတ်လုယက်ခဲ့တဲ့ တရားခံ မျိုးမင်းထွန်း၊ ဖြိုးသက်ပိုင်နဲ့ ဖြိုးဝေလင်းတို့ ၃ ယောက်ကို ပျဉ်းမနားခရိုင် တရားရုံးက သေဒဏ်ပေးခဲ့တာလို့ တရားရုံးနဲ့ နီးစပ်သူက DVB ကို ပြောပါတယ်။
“သတ်ဖြတ်လုယက်ဖို့ မူလကတည်းက ရည်ရွယ်ချက်ရှိရှိ ဓားတွေ လက်အိတ်တွေ ဝယ်ပြီး ကြိုတင်ကြံစည်ခဲ့လို့ ၃၀၂(၁)(ခ)/၃၄ အရ သေဒဏ်နဲ့ ပုဒ်မ ၃၉၄/၁၀၉ အရ ထောင်ဒဏ်အနှစ် ၂၀ ချလိုက်တာ၊ ပြီးခဲ့တဲ့ရက်က ဥတ္တရသီရိက လုယက်မှုလည်း သေဒဏ်ပေးလိုက်တယ်။”
သေဒဏ်ချမှတ်ခံရသူ ၃ ယောက်ဟာ အောက်တိုဘာ ၆ ရက်က သေဆုံးသူ ဒေါ်စန္ဒာမိုးဆီက စားသောက်စရာမရှိဘူးဆိုပြီး ဆန်သွားရောက်တောင်းခံချိန် နေအိမ်မှာ ဘယ်သူမှမရှိတဲ့အတွက် သတ်ဖြတ်လုယက်ခဲ့တာလို့ အိမ်ရာမှာ နေထိုင်သူတယောက်က DVB ကို ပြောပါတယ်။
“သတ်တဲ့သူတွေက အိမ်ရာနားက ကျူးကျော်မှာ နေတာ၊ အဲဒီ အစ်မ တယောက်တည်းနေတာ သိတော့ စားစရာမရှိလို့ ဆန်သွားတောင်းတယ်။ ဟိုက တကယ်ဒုက္ခရောက်နေတယ် ထင်ပြီး ဆန်ထည့်ပေးနေတဲ့အချိန် အနောက်ကနေ မသေမချင်း ဓားနဲ့ထိုးသတ်ပြီး ဖုန်းနဲ့ ပိုက်ဆံ ၂၀,၀၀၀ ကို ယူသွားတာ။”
၂၀၂၄ ခုနှစ် သြဂုတ် ၁၀ ရက်ကလည်း ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်၊ မြတ်လေးလမ်းမှာ မိသားစု ၃ ယောက်ကို သတ်ဖြတ်ပြီး အိမ်စီးကားနဲ့ ဖုန်းလုယက်ခဲ့သူ အမျိုးသား ၅ ယောက်ကို ဥတ္တရသီရိခရိုင် တရားရုံးက သေဒဏ်နဲ့ ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။