
ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ် ၉ ရပ်ကွက်၊ အောင်မင်္ဂလာ ၂ လမ်းမှာ ဇူလိုင် ၁၃ ရက်က သားအဖ ၂ ယောက်ကို ဓားနဲ့ထိုးသတ်သွားတဲ့ ပြစ်မှုကျူးလွန်သူ အမျိုးသား တယောက်ကို ရဲတွေက ဖမ်းမိထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဇူလိုင် ၁၃ ရက်က ဘားအံမြို့၊ အမှတ် ၉ ရပ်ကွက်မှာရှိတဲ့ နေအိမ်တအိမ်ကို ဝင်ရောက်ခိုးယူတဲ့ သူခိုးက အိမ်ရှင်မိသားစု ၃ ယောက်စလုံးကို ဓားနဲ့ထိုးခုတ်ခဲ့ရာ အိမ်ရှင်အမျိုးသားနဲ့ သမီးဖြစ်သူ သေဆုံးကာ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့ပြီး ပြစ်မှုကျူးလွန်သူကိုတော့ နောက်တနေ့ ဇူလိုင် ၁၄ ရက်မှာ ဖမ်းမိခဲ့တယ်လို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။
“အကြွေးရစရာရှိတဲ့ငွေကို ပြန်တောင်းလို့ နေအိမ်ကို ဝင်ခိုးတဲ့ပုံစံနဲ့ သတ်သွားတာ၊ သတ်တဲ့သူကလည်း အဲဒီရပ်ကွက်ထဲကပဲ၊ ၁၄ ရက်နေ့က အဲဒီအိမ်နားမှာပဲ မိတာ၊ ရဲတွေက စစ်ဆေးနေတယ်။”
ပြစ်မှုကျူးလွန်သူမှာ ဘားအံမြို့နယ်၊ အမှတ် ၉ ရပ်ကွက်၊ အောင်မင်္ဂလာလမ်းသွယ် ၃ လမ်းနေ ညွန့်ဝင်း ဖြစ်ပြီး အသတ်ခံရသူ မိသားစုဆီက ငွေ ကျပ် သိန်း ၅၀ ချေးယူပြီး ပြန်ပေးဖို့ ငွေကြေးမရှိတဲ့အတွက် နေအိမ်အတွင်း ပစ္စည်းဝင်ခိုးရင်း သိသွားတဲ့အတွက် ဓားနဲ့ထိုးသတ်ခဲ့တာလို့ ရဲစခန်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“အသတ်ခံရတဲ့ မိသားစုဆီက ဝက်မွေးဖို့ ကျပ် သိန်း ၅၀ ချေးထားတယ်။ အဲဒီငွေ ပြန်တောင်းတော့ သတ်တဲ့သူ မပေးနိုင်ဘူး၊ မပေးနိုင်တော့ သူ့အိမ်ကနေ ဝင်ခိုးပြီး ပေးမယ်ဆိုတဲ့ အတွေးနဲ့ ဝင်ခိုးတာ၊ အိမ်ရှင်အမျိုးသမီး နိုးလာတော့ အော်လိုက်တာ၊ အဖေရော သမီးရော ထွက်လာတဲ့အချိန် အဲအိမ်ကဓားနဲ့ပဲ ထိုးသတ်တာ။ အဖေရော သမီးရော သေတယ်။ အမေဖြစ်သူက ဆေးရုံတင်ထားရတယ်။”
အဆိုပါလူသတ်မှုမှာ ဦးစောမြင့်သိန်း၊ သမီးဖြစ်သူ မနန်းလင်းကြည်ကြည်မွန်းတို့ ၂ ယောက် သေဆုံးပြီး ဇနီးဖြစ်သူ ဒေါ်တင်ထွေးကတော့ ဘားအံမြို့နယ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။
လတ်တလောမှာ ပြစ်မှုကျူးလွန်သူ ညွန့်ဝင်းကို ဘားအံမြို့မရဲစခန်းက (ပ)၈၇/၂၀၂၅ ပုဒ်မ ၃၀၂/၃၂၆ နဲ့ အမှုဖွင့်လှစ် စစ်ဆေးနေပါတယ်။