Home
မြန်မာသတင်း
၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံတဝန်း လူသတ်လုယက်မှု ၁,၀၀၀ နီးပါးဖြစ်ခဲ့
DVB
·
July 9, 2025

၂၀၂၄ ခုနှစ်အတွင်း ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ လုယက်လူသတ်မှု ၁,၀၀၀ နီးပါးဖြစ်ခဲ့ပြီး ဧရာဝတီ၊ ရန်ကုန်၊ မန္တလေးနဲ့ ပဲခူးတိုင်းက အများဆုံးဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ဖြစ်ခဲ့တဲ့ လူသတ်လုယက်မှု  ၉၆၇ မှုထဲမှာ ဧရာဝတီတိုင်းက ၁၇၉ မှု၊ ရန်ကုန်တိုင်းက ၁၅၁ မှု၊ မန္တလေးတိုင်းက ၁၅၀၊ ပဲခူးတိုင်း ၁၁၁ မှုရှိပြီး ကျန်လူသတ်မှုတွေမှာ ရှမ်းပြည်နယ်၊ စစ်ကိုင်း၊ မကွေးနဲ့ ကရင်နီပြည်နယ်တို့မှာ ဖြစ်ခဲ့တယ်လို့ ပြည်ထဲရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“လူသတ်မှု ၉၆၇ မှုဆိုတာ လုယက် လူသတ်မှုပဲ ပြောသေးတာ၊ သက်ငယ်မုဒိမ်း၊ မူးယစ်ဆေးဝါးအမှု၊ လူကုန်ကူးမှုတွေ ပေါင်းရင် ၈,၀၀၀ နီးပါးရှိတယ်။”

စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း ရန်ကုန်မှာ လူသတ်လုယက်မှု ၁၅၁ မှု၊ လုယက်မှု ၁၄၃ မှု အပါအဝင် ရွှေဆိုင်ဓားပြတိုက်မှု ၁၇ မှုရှိတယ်လို့ တိုင်းအစိုးရနဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။

“ရန်ကုန်မှာဖြစ်နေတဲ့ အမှုတွေ ပေါင်းလိုက်ရင် တနှစ်ကို မရှိဘူးဆိုရင်တောင် အမှုပေါင်း ၅၀၀ ကျော် နဲ့ ၆၀၀ ကြားမှာရှိတယ်။ ပြဿနာက ရဲတွေက တရားခံကို မဖမ်းနိုင်တာ။ အခင်းဖြစ်တဲ့နေရာ စစ်တပ်မပါရင် မသွားရဲတာကြောင့် တနှစ်ထက်တနှစ် ပိုများလာတာ။ မနေ့ကပဲ တောင်ဥက္ကလာက ရောင်နီဦးရွှေဆိုင် ဓားပြတိုက်ခံရတယ်။”

၂၀၂၄ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံတဝန်း လူသတ်လုယက်မှု ၉၆၇ မှု အပါအဝင် အရေးကြီးမှုခင်းတွေ ဖြစ်တဲ့ မုဒိမ်းမှု ၅၆၂ မှု၊ ကလေးသူငယ်မှုခင်း ၁,၉၅၃ မှု၊ မူးယစ်ဆေးဝါးမှု ၄,၈၉၇၊ ယာဉ်မတော်တဆမှုကြောင့် လူသေမှု ၁,၀၁၃ မှုနဲ့ လူကုန်ကူးမှု ၅၅ မှုရှိကြောင်း ပြည်ထဲရေး သတင်းအချက်လက်တွေအရ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013