Home
မြန်မာသတင်း
ဘားအံတွင် လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးပြီး မထသယာဉ်လိုင်း ပြေးဆွဲသော်လည်း စီးနင်းသူမရှိ
DVB
·
July 2, 2025

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ လိုင်စင်မဲ့ ဆိုင်ကယ်၊ မော်တော်ယာဥ်တွေကို ဖမ်းဆီးနေတာကြောင့် ပြည်သူတွေ ခရီးသွားလာရာမှာ အဆင်ပြေစေဖို့ မထသယာဉ်လိုင်းတွေ ပြေးဆွဲနေပေမဲ့ စီးနင်းသူမရှိဘူးလို့ မြို့ခံပြည်သူတွေက ပြောပါတယ်။

မေ ၂၀ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီအဖွဲ့ရဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ စစ်ခေါင်းဆောင်က လိုင်စင်မဲ့ကားနဲ့ လိုင်စင်မဲ့ဆိုင်ကယ် စီးနင်းနေတာတွေကို ဖော်ထုတ်ဖမ်းဆီးဖို့ ညွှန်ကြားခဲ့ပါတယ်။

ဒါကြောင့် ဇွန် ၁ ရက်က စတင်ပြီး ကရင်ပြည်နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်နဲ့ လိုင်စင်မဲ့ကားတွေ ဖမ်းဆီးခဲ့ပါတယ်။

လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးခဲ့တာကြောင့် ပြည်သူတွေ ခရီးသွားလာရာမှာ အဆင်ပြေစေဖို့ ဇွန် ၂၃ ရက်က စတင်ပြီး စစ်ကောင်စီလက်အောက်ခံ ကရင်ပြည်နယ် ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနရဲ့ ကြီးကြပ်မှုနဲ့ ဘားအံမြို့နယ် မော်တော်ယာဉ်လိုင်းပေါင်းစုံထိန်းသိမ်းရေး ကော်မတီက ယာဉ်လိုင်းတွေ ပြေးဆွဲခဲ့ပေမဲ့ လတ်တလောမှာ စီးနင်းသူမရှိဘူးလို့ မြို့ခံပြည်သူတွေက ပြောပါတယ်။

မြို့ခံတယောက်က “မြို့တွင်းဆွဲတဲ့ လိုင်းကားတွေက ခရီးသွားတွေ အဆင်မပြေဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူပြည့်မှသွားတယ်ဆိုတော့ အရင်လိုတဲ့သူတွေအတွက်တော့ ခရီးသွားရတာ အဆင်မပြေဘူး။ အဲဒါကြောင့်မို့လို့ အိုးဝေ(သုံးဘီး)တွေပဲ အသုံးပြုတာများတယ်။ ယာဉ်လိုင်းဆွဲပေးခြင်းအားဖြင့် ပြည်သူတွေအတွက် သိပ်ပြီး အလုပ်မဖြစ်ဘူး။ လူပြည့်မှ ထွက်တော့ အချိန်ကြာမြင့်တယ်။ အရေးပေါ်လိုတဲ့သူတွေ အတွက်တော့ အဆင်မပြေဘူး။ မနက်ပိုင်း ဈေးသွားတဲ့အချိန်တွေလောက် ပြေးဆွဲတော့ လိုအပ်တဲ့အချိန်တွေ စီးဖို့ ကားမရှိတော့ ပြည်သူတွေအတွက် အဆင်မပြေဘူး” လို့ ပြောပါတယ်။

မထသ ယာဉ်လိုင်းတွေကို မြို့ပြင် ထောင်ဝိရပ်ကွက်ကနေ မြို့တွင်း ရေပေါ်ဈေး၊ မြို့မဈေးအထိ ခရီးစဉ်တကြောင်း၊ မြို့ပြင် လှာကမြင်ဈေးကနေ မြို့မဈေးနဲ့ ရေပေါ်ဈေးအထိ ခရီးစဉ်တကြောင်း လှည့်လည်ပြေးဆွဲပေးနေတာပါ။

ခရီးစဉ်တလျှောက်က ယာဉ်မိုင်တိုင်တွေမှာ ၅ မိနစ် ရပ်နားပေးမှာဖြစ်ပြီး လူတယောက်ကို ၁,၀၀၀ ကျပ်နဲ့ ယာဉ်လမ်းကြောင်း ၂ ကနေ ပြေးဆွဲနေပါတယ်။

ဘားအံမြို့မှာ မထသယာဉ်လိုင်းထက် အိုးဝေစီးနင်းသူ များပြားတယ်လို့ မြို့မိမြို့ဖတွေက ပြောပါတယ်။

မြို့မိမြို့ဖတယောက်က “မထသ ဆွဲတာ ခေါင်းစဉ်ပဲရှိတယ်။ နဂိုရှိတဲ့ လိုင်းကားတွေပဲ။ ဘာမှ မထူးပါဘူး။ သူတို့‌ အောင်မြင်ဖို့က မလွယ်လောက်ဘူး။ ဒီမှာက အိုးဝေ သုံးဘီးတွေက တအားများတယ်လေ။ သူက အိုးဝေး သုံးဘီးတွေနဲ့ ယှဉ်ပြီး ဆွဲနိုင်မလား။ မြို့တွင်းလိုင်းကျတော့ သူက လမ်းတပေါက်ပဲရှိမယ်။ ပြည်ထောင်စုကနေ ဈေး၊ ဈေးကနေ မဲဘောင်လမ်းကြောင်း အလယ်တဖြောင့်ပဲရှိမယ်။ အိုးဝေက ချောင်ကြိုးချောင်ကြားကော အကုန်သွားလာနိုင်တယ်။ မထသကျတော့ သူက လမ်းကြောင်းတဖြောင့်ပဲရှိမယ်။  အဲဒီမှာ အများကြီး ကွာဟတာပေါ့။ အခုသွားနေတာ အိုးဝေပဲ အဆင်ပြေတယ်၊ အခုဟာက” လို့ ပြောပါတယ်။

မြန်မာ-ထိုင်း နယ်စပ် မြဝတီမြို့ကတဆင့် မြန်မာတနိုင်ငံလုံးကို လိုင်စင်မဲ့မော်တော်ယာဉ်တွေနဲ့ ကုန်စည်တွေ ဝင်ရောက်ဖို့ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာတွေကို ငွေကြေးပေးဆောင်ပြီး အဓိက တင်သွင်းနေတာလို့ ဒေသခံတွေက ပြောပါတယ်။

ကရင်ပြည်နယ်အတွင်း လိုင်စင်မဲ့ ဆိုင်ကယ်၊ မော်တော်ယာဥ်တွေနဲ့ တရားမဝင် ဝင်ရောက်လာတဲ့ ကုန်ပစ္စည်းတွေကိုပါ ဖမ်းဆီးနေတာကြောင့် ကုန်ဈေးနှုန်းတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။

အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013