Home
မြန်မာသတင်း
ဆားလင်းကြီးမြို့နယ် ပကဖ အဖွဲ့ဝင် ၁ ဦး လုပ်ကြံသတ်ဖြတ်ခံရ
DVB
·
July 22, 2025

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင်တယောက် ဇူလိုင် ၂၂ ရက် မနက် ၄ နာရီမှာ လုပ်ကြံသတ်ဖြတ်ခံရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဆိုပါ လုပ်ကြံသတ်ဖြတ်ခံရတဲ့ မြို့နယ်ပကဖအဖွဲ့ဝင်ဟာ မောင်တူး (ခ) ဗိုလ်လက်ယျာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ နီးစပ်သူ ဒေသခံတယောက်က “အခါတိုင်းတော့ သူက ဆားလင်းကြီးဘက် ပြန်အိပ်တာများတယ်။ ည ၁၁ နာရီထိုးလောက်က အခုအသတ်ခံရတဲ့သူနဲ့ တခြားအဖွဲ့ ခေါင်းဆောင်တဦးနဲ့ ရန်ဖြစ် စကားများကြသေးတယ်။ အဲဒီလိုရန်ဖြစ်ပြီးမှ မနက်ခင်းမှာ အသတ်ခံရတာ။ ဘယ်သူသတ်တယ် ဆိုတာတော့ အတိအကျ မပြောရဲဘူး။ ဦးခေါင်းကို ၂ ချက် တေ့ပစ်သွားတာဆိုတာ့ အသက်ကယ်လို့လည်း မရဘူး။ နေရာတင် ပွဲချင်းပြီး သေဆုံးတယ်” လို့ ပြောပါတယ်။

ဗိုလ်လက်ယျာဟာ ဆားလင်းကြီးမြို့နယ် မြို့နယ်အဆင့် ပကဖအဖွဲ့မှာ ယာယီ ဘဏ္ဍာရေးတာဝန်ခံအဖြစ် ဆောင်ရွက်နေသူ ဖြစ်တယ်လို့လည်း သိရပါတယ်။

ယင်းမာပင်ခရိုင် ပကဖ တာဝန်ရှိသူ ဗိုလ်မိုးကောင်းကတော့ “သတင်းက အမှန်ပဲဗျ။ အသေးစိတ်တော့ မသိရသေးဘူးဗျ။ လူမှုရေးကိစ္စလို့တော့ အကြမ်းဖျင်း သိထားတယ်ဗျ။ မြို့နယ်တာဝန်ခံ အစီရင်ခံစာ တက်မလာသေးဘူးဗျ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ခရိုင်ဒုတာဝန်ခံကို လွှတ်ထားတယ်။ အခု လမ်းမှာပဲရှိသေးတာ။ ညနေ ကျနော့်ဆီ သတင်းအပြည့်အစုံ ရောက်လာမှာပါ။ တရားခံဟုတ်တယ်လို့ အမှုမှန်ပေါ်ပေါက်ပါက MOD ဝန်ကြီးဌာန လမ်းညွှန်မှုနဲ့ ဥပဒေအတိုင်းပဲ ဆောင်ရွက်ရမှာပေါ့ဗျာ” လို့ ပြောပါတယ်။

ဗိုလ်လက်ယျာအား လုပ်ကြံသတ်ဖြတ်တယ်လို့ ယူဆရတဲ့ သံသယတရားခံ ၂ ယောက်ကို ဆားလင်းကြီးမြို့နယ် ပကဖ အဖွဲ့က ဖမ်းမိထားပြီး စစ်ဆေးမှုတွေ ပြုလုပ်နေပြီလို့လည်း ခရိုင်ပကဖ တာဝန်ရှိသူက ထပ်ပြောပါတယ်။

တော်လှန်ရေးအချိန် ကြာမြင့်လာတာနဲ့အမျှ တော်လှန်ရေးအဖွဲ့အချင်းချင်း ပွတ်တိုက်မှု များလာသလို အရပ်သားတွေရဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအပါ် ယုံကြည်မှုတွေ ကျဆင်းလာနေတာကိုလည်း မြေပြင်အချက်အလက်များအရ သိရပါတယ်။

အလားတူ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၄ ရက်က ဖြစ်ပွားခဲ့တဲ့ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ကိုဝင်းဌေး အပါဝင် မိသားစုဝင် ၂ ယောက် လုပ်ကြံခံရတဲ့ အမှုဟာလည်း လက်ရှိအချိန်အထိ အမှုမှန် ဖော်ထုတ်နိုင်ချင်း မရှိသေးတာ တွေ့ရပါတယ်။

ဦးဝင်းဌေးရဲ့ မိသားစုဝင်တွေေတော့ တရားမျှတမှုအတွက် ဒီနေ့အချိန်အထိ စောင့်မျှော်နေရတယ်လို့လည်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013