Home
နိုင်ငံတကာ
ပါကစ္စတန်တွင် ရေကြီးမှုကြောင့် သေဆုံးသူ ၂၀၀ ကျော် ရှိလာ
DVB
·
August 17, 2025
Photo: REUTERS/Amiruddin Mughal

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူ ၂၀၀ နီးပါး သေဆုံးခဲ့အပြီးမှာ ဝန်ကြီးချုပ် နာဝပ်ဇ်ရှရစ်ဖ်ဟာ ရေကြီးမှု အခြေအနေကို ပြန်လည်သုံးသပ်ဖို့ အရေးပေါ် အစည်းအဝေးခေါ်ယူခဲ့တယ်လို့ ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။ 

လက်ရှိအချိန်ထိ သေဆုံးသူအရေအတွက် မြင့်တက်လာနေပြီး ၄၈ နာရီအတွင်း သေဆုံးသူပေါင်း ၂၂၅ ထိ   မြင့်တက်လာခဲ့ကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ် အာဏာပိုင်အဖွဲ့ (NDMA) က စနေနေ့မှာ ပြောပါတယ်။ 

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ ရာသီဥတုဆိုးရွားမှုကြောင့် ကယ်ဆယ်ရေး ပစ္စည်းတွေကို သယ်ဆောင်လာတဲ့ ရဟတ်ယာဉ်တစင်း ပျက်ကျခဲ့ရာမှာ လေယာဉ်မှူး ၂ ယောက် အပါအဝင် လေယာဉ်ဝန်ထမ်း ၅ ယောက်စလုံး သေဆုံးခဲ့ကြောင်း ခိုက်ဘာပက်ရှ်တွန်ခွာပြည်နယ် ဝန်ကြီးချုပ် အလီအာမင်ဂန္ဓပူရ်က ပြောပါတယ်။ 

သြဂုတ် ၁၆ ရက်ကို ဝမ်းနည်းခြင်းနေ့အဖြစ် ကြေညာထားပြီး နိုင်ငံတော်အလံကို ပြည်နယ်အနှံ့ တိုင်တဝက် လွှင့်တင်မှာ ဖြစ်ပါတယ်။

ရဟတ်ယာဉ်ပျက်ကျရာနေရာကို ကယ်ဆယ်ရေးအဖွဲ့ တွေကို စေလွှတ်ထားပြီး သေဆုံးသူတွေကို နိုင်ငံတော်အခမ်းအနားနဲ့ ဂုဏ်ပြုဈာပန ပြုလုပ်ပေးသွားမယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။

တောင်ကုန်းတွေပေါများပြီး တောင်တန်းထူထပ်တဲ့ အနောက်မြောက်ပိုင်း ခိုက်ဘာပက်ရှ်တွန်ခွာ ပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်း၊ ရေကြီး၊ မိုးကြိုးပစ်တာနဲ့ အဆောက်အအုံ ပြိုကျတာတွေကြောင့်  သေဆုံးသူ အများဆုံးဖြစ်ပြီး ၂၁၁ ယောက် မှတ်တမ်းတင်ထားတယ်လို့  (NDMA) အဖွဲ့က သိရပါတယ်။ 

အဆိုးရွားဆုံး ထိခိုက်ခဲ့တာကတော့ ရေကြီးမှုနဲ့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၁၀၀ သေဆုံးခဲ့တဲ့ ဘူးနာနယ်မြေဖြစ်ကြောင်း ခရိုင်ဝန်ကြီးချုပ် ရှာဟဘ်အလီရှားက ရိုက်တာကို ပြောပါတယ်။ 

ဇွန် ၂၆ ရက်ကတည်းက တနိုင်ငံလုံးအတိုင်းအတာနဲ့ သေဆုံးသူ ၄၇၇ ယောက်ထက်မနည်းရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၇၆၃ ယောက် ရှိတဲ့အပြင် နေအိမ် ၁၈၅၁ လုံး ပျက်စီးခဲ့ကြောင်း  အမျိုးသား သဘာဝဘေး အန္တရာယ်အာဏာပိုင်အဖွဲ့  NDMA က ပြောပါတယ်။ 

လက်ရှိ မုတ်သုံရာသီအတွင်း ပါကစ္စတန်နိုင်ငံမှာ ပုံမှန်ထက် မိုးပိုမို ရွာသွန်းနေတာကြောင့် လတ်တလော သီတင်းပတ်တွေမှာ လူပေါင်းရာချီ သေဆုံးခဲ့ရပြီးတော့ လမ်းတွေနဲ့ အဆောက်အအုံ တွေလည်း မျောပါသွားခဲ့တာ ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013