
ထိုင်းမြောက်ပိုင်းဒေသတွေမှာ ခုရက်ပိုင်းတွင်း မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းမှာဖြစ်ပြီး ရုတ်တရက် ရေကြီးရေလျှံတာနဲ့ တောင်ကျချောင်းရေတွေ သတိထားဖို့ ထိုင်းမိုးလေဝသနဲ့ ဇလဗေဒက ဩဂုတ် ၁၄ ရက် ဒီမနက်မှာ ထုတ်ပြန်ထားပါတယ်။
ဩဂုတ် ၁၅ မှ ၁၇ ရက်တွေအတွင်း မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းဖွယ်ရှိပြီး ဒေသထဲက မြစ်ချောင်းအင်းအိုင်တွေ၊ အထူးသဖြင့် မြောက်ပိုင်းဒေသကို အဓိက ဖြတ်သန်းစီးဆင်းနေတဲ့ မယ့်ပင်းမြစ်ရေ မြင့်တက်လာဖွယ်ရှိတယ်၊ အနိမ့်ပိုင်းတွေမှာ ရေလျှံခြင်း၊ တောင်ကျချောင်းရေနဲ့ မြေပြိုမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။
အထူးသတိထားရမယ့် ဒေသတွေမှာ ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင် ဒွိုင်စကစ်၊ မယ့်တိုင်၊ ဝိန်းဟိုင်၊ အုမ်းကွယ် စတဲ့မြို့နယ်နဲ့ လမ်းဖွန်းခရိုင်မှာတော့ လမ်းဖွန်း၊ မဲ့ထား၊ ဘန့်ထိ စတဲ့မြို့နယ်တွေ ဖြစ်ပါတယ်။
ဒါ့အပြင် ချင်းမိုင်နဲ့ တာ့ခ်ခရိုင်ထဲက သိုလှောင်ရေပမာဏ ၈၀ ရာခိုင်နှုန်းရှိ ဆည်မြောင်းနဲ့ တာတမံတွေ ရေပြည့်လာပါက ဆည်ရေဖောက်ချနိုင်တဲ့ အခြေအနေ ရှိတာကြောင့် ရေတက်မှု အခြေအနေ မပြတ်စောင့်ကြည့်ဖို့၊ မိုးရေချိန် ၉၀ မီလီမီတာ ရှိတတ်တဲ့ ဒေသအခြေအနေကို ၂၄ နာရီ မပြတ်စောင့်ကြည့်ပြီး ရေထိန်းနံရံများ၊ ရေနုတ်မြောင်းများ ကြည့်ရှုစစ်ဆေးဖို့၊ မိုးလေဝသ အခြေအနေကို ရပ်ရွာထဲမှာ ကြေညာထားဖို့၊ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများ၊ စက်ယန္တရားများ ကြိုတင်စစ်ဆေး အသင့်ပြင်ထားဖို့ ထိုင်းမိုးဇလဌာနက ထုတ်ပြန်ထားပါတယ်။
Source: Chiangmai News