
ကချင်ပြည်နယ်၊ လိုင်ဇာမြို့မှာ ဩဂုတ် ၁၁ ရက် ဒီမနက်ကစပြီး မိုးသည်းထန်စွာရွာကာ ရေကြီးနေတာကြောင့် ဒေသခံတွေ ပြောင်းရွှေ့နေကြရတယ်လို့ သိရပါတယ်။
လိုင်ဇာချောင်း တက်လာပြီး ချောင်းဘေးက စစ်ရှောင်တွေလည်း လမ်းမကြီးပေါ် ပြောင်းရွှေ့နေရသလို စျေးဆိုင်တွေလည်း မျောပါသွားတယ်လို့ ဆိုပါတယ်။
လိုင်ဇာဒေသခံတယောက်က “ဝိုင်ကျိုင်မှာ အဆိုးဆုံးပဲ။ ဝိုင်ကျိုင်က လိုင်ဇာရပ်ကွက် ၁ မြို့ထိပ် မြို့အဝင်မှာ ရှိတာ။ လိုင်ဇာချောင်းရေ အရမ်းကြီးနေလို့ ချောင်းဘေးက စစ်ရှောင်တွေတော့ အကုန် လမ်းမကြီးပေါ် ရောက်ကုန်ပြီ။ မိုးအရမ်းကြီးလို့ တောင်ကျရေတွေ ကြီးလာတာ။ ခုနက ၁၀ နာရီခွဲလောက်မှာတော့ ခရာတံတား မြုပ်သွားတယ်။ ခရာတံတားထိပ်နားက မူကြိုကျောင်းက ကလေးတယောက် မျောသွားတယ်လို့ ပြောတယ်” လို့ DVB ကို ပြောပါတယ်။
တောင်ကျရေကြောင့် မြို့ထဲမှာရှိတဲ့ စျေးဆိုင်ခန်းတချို့နဲ့ ဆိုင်ကယ်တွေ မျောပါသွားပြီး နေအိမ်တွေလည်း ပျက်စီးတဲ့အပြင် လိုင်ဇာနဲ့ တရုတ်နိုင်ငံကို ဆက်သွယ်ထားတဲ့ ဂိတ်တံတားလည်း ရေမြှုပ်တော့မယ့် အခြေအနေ ဖြစ်နေပြီလို့ ဆိုပါတယ်။
ဒေသခံတယောက်ကလည်း “လောလောဆယ်လည်း မိုးကတော့ ကြီးနေတုန်းပဲ။ ဒီထက် ဆက်ကြီးရင် ကျမတို့နေတဲ့နေရာလည်း စိုးရိမ်ရတယ်။ လိုင်ဇာတခုလုံး ဝင်တယ်။ ရပ်ကွက်တိုင်း ဝင်တယ်။ ရပ်ကွက် ၅ ဘက်တော့ အနိမ့်ပိုင်းဆိုတော့ ရေတွေအားလုံးစုတယ်။ သက်ဆိုင်ရာတွေဘက်က ဘာမှမကူသေးဘူး။ လောလောဆယ်တော့ လမ်းပေါ်မှာပဲ ရပ်နေကြတယ်၊ မိုးရွာထဲမှာ” လို့ ပြောပါတယ်။
ချောင်းဘေးတလျှောက်က ဒေသခံတွေ ဘေးလွတ်ရာမှာ ယာယီတိမ်းရှောင်နေကြီး လူ ထိခိုက်တာ ရှိမရှိတော့ မသိရသေးဘူးလို့ လိုင်ဇာမြို့ခံတယောက်က ပြောပါတယ်။
“ဒီမနက်အစောကြီးကစပြီး ရေတွေ အရှိန်နဲ့ စီးဝင်လာတာ။ အဓိကက မိုးများပြီးတော့ တောင်ကျချောင်းရေတွေ ကြီးလာတာကြောင့် မြို့ထဲအထိ ရေကြီးတာတွေ ဖြစ်သွားတာ။ လူထိခိုက်မှု ရှိတယ်လို့တော့ မကြားသေးပါဘူး။ နေအိမ်တွေ ပျက်စီးတယ်၊ ဈေးဆိုင်ခန်းတွေ ပျက်စီးတယ်၊ ဆိုင်ကယ်တွေ မျောသွားတွေတော့ ရှိတယ်။”
ပြီးခဲ့တဲ့ ဩဂုတ် ၄ ရက်မှာလည်း လိုင်ဇာမြို့ ဂျဲယန်ချောင်း တောင်ကျချောင်းရေကြီးလာတာကြောင့် ဂျဲယန်စစ်ဘေးဒုက္ခသည်စခန်းက အဆောက်အုံတချို့ ပျက်စီးသွားပြီး လမ်းပိုင်းမြေပြိုတာတွေလည်း ဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် လိုင်ဇာမြို့အနီးမှာ တောင်ကျချောင်းရေကြောင့် ရေကြီးခဲ့ပြီး လူသေဆုံးတာတွေလည်း ရှိခဲ့ကာ စစ်ရှောင်တဲတွေလည်း မျောပါသွားလို့ စစ်ရှောင် ၅,၀၀၀ နီးပါး ရေဘေးသင့်ခဲ့တယ်လို့ သိရပါတယ်။