ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့မှာ ရေကြီးနေတဲ့အတွက် ရေဘေးသင့်ပြည်သူတွေကို မြို့ခံတွေက ကိုယ်ထူကိုယ်ထ ကူညီပေးနေကြရပြီး ဈေးဆိုင်တွေက ဈေးလျော့ရောင်းပေးတာတွေ လှူဒါန်းပေးနေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
ဇူလိုင် ၂၄ ရက်ကစကာ မိုးရွာသွန်းမှုများတဲ့အတွက် စစ်တောင်းမြစ်ရေထိန်းထားတဲ့တာ ၂ ခုကျိုးခဲ့လို့ ရေအမြင့် ၅ ပေလောက်အထိ မြင့်တက်ခဲ့ပြီး ဒေသခံတွေ ရေဘေးတိမ်းရှောင်ခဲ့ကြရတာပါ။
မဒေါက်မြို့အနိမ့်ပိုင်းရပ်ကွက်တွေနဲ့ အင်းချောင်၊ စိုင်ဂွ၊ အင်းကတ်ပလိတ် စတဲ့ ကျေးရွာတွေ ရေနစ်မြုပ်ခဲ့ပြီး ရေဘေးတိမ်းရှောင်ခဲ့ကြရပေမဲ့ ရေဘေးကယ်ဆယ်ရေးစခန်းမရှိလို့ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေမှာ နေထိုင်နေကြရပါတယ်။
ရေဘေးကယ်ဆယ်ရေးအတွက်လည်း ပရဟိတအဖွဲ့တွေ မရှိတဲ့အတွက် မြို့ခံတွေဟာ ကိုယ်ထူကိုယ်ထနဲ့ တနိုင်တပိုင်နီးစပ်ရာကူညီမှုတွေ လုပ်ဆောင်ပေးနေရတယ်လို့ ဆိုပါတယ်။
မဒေါက်မြို့ခံတယောက်က “မြို့တမြို့ထဲဖြစ်တဲ့အတွက် ဈေးလျှော့ပေးတယ်။ ၅ သိန်းဖိုး ယူလို့ရှိရင် တသိန်းဖိုးလောက် ထည့်ပြီး လှူပေးလိုက်တဲ့ ပုံစံမျိုးကတော့ တောက်လျှောက်ရှိတယ်။ အများကြီး ဝယ်တဲ့အခါကျတော့ ဆိုင်ကြီးမှာဘဲ ဝယ်လိုက်တယ်ပေါ့၊ အဲဒီအချိန်မှာ အလှူခံတဲ့သဘောမျိုးနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့၊ အရင်တုန်းကဆိုရင်တော့ တရားဝင် ဘယ်ကို သွားလှူမလို့ ဘယ်လောက်ထည့်ကြမလဲ၊ ဘာဦးဆိုပြီး ပြောကြတယ်၊ အခုအချိန်မှာကျတော့ အကုန်လုံးကတရားဝင်မဟုတ်ဘူး၊ တယောက်နဲ့တယောက် နားလည်မှုနဲ့ နီးစပ်ရာ နီးစပ်ရာကို လှူရင်းလှူရင်းနဲ့ စုပြီးတော့ ဘုံတခုထဲ ဖြစ်သွားရင် အဲဒီထဲက စုပြီးတော့ ပြန်လှူပေးကြတာပေါ့”လို့ ပြောပါတယ်။
အရင်ကတော့ ရေဘေးကယ်ဆယ်ရေးတွေမှာ လူငယ်တွေက အများဆုံး တက်တက်ကြွကြွ လုပ်ဆောင်ခဲ့ပေမဲ့ လက်ရှိမှာတော့ စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေကို မခေါ်ရဲဘဲ လူကြီးတွေကသာ တတ်နိုင်သလောက် ကူညီနေရတယ်လို့ အကူအညီပေးနေသူတွေက ပြောကြပါတယ်။
မဒေါက်မြို့ထဲမှာ ရေဝင်ရောက်နေတဲ့အတွက် မြို့မဈေးလည်း ရေနစ်မြုပ်နေပြီး ဈေးသည်တွေက ကားလမ်းမကြီးပေါ်မှာ ဈေးရောင်းကြရပါတယ်။
ရေကြီးမှုကြောင့် ညောင်လေးပင်မြို့နဲ့ မဒေါက်မြို့ကို ဆက်ထားတဲ့ ကားလမ်း ရေကျော်နေပြီး ကုန်ပစ္စည်းတွေကို စက်လှေနဲ့သယ်ဆောင်ကြရတဲ့အတွက် သယ်ယူစရိတ်တွေများပေမဲ့ မြို့ခံတွေကတော့ ဈေးတင်မရောင်းကြဘူးလို့ ဆိုပါတယ်။
မဒေါက်မြို့ခံအကူအညီပေးနေသူတယောက်က “လှူပေးတယ်ဆိုတာက သူတို့ဆီမှာ ၁၄၊ ၅ သိန်းဖိုးဝယ်တယ်၊ ၃၊ ၅ သိန်း ပြန်လှူတယ်၊ ဈေးကိုမတန်မဆကြီး မတင်ဘူး။ ဒီဘက်ကျတော့ လမ်းက ပျက်နေတာလေ၊ စက်လှေနဲ့ တကူးတကလာရတယ်။ ဒါပေမဲ့ သူတို့က ဈေးတင်ပြီး မယူဘူး၊ ပုံမှန်ဈေးသာသာပဲ ယူထားတာ။ သူတို့ဆီက ဝယ်တယ်၊ ဝယ်တဲ့ခါကျတော့ ဒါဘာလုပ်ဖို့လဲဆို ရေဘေး ဝေမယ်ဆိုရင် သူတို့လည်း သီးသန့်မလှူနိုင်တော့ ရော့ ကျနော်တို့ ငါးသောင်း ထည့်လိုက်မယ်၊ သုံးသောင်းထည့်လိုက်မယ် ဒီလိုလေးတွေပေါ့၊ ငါးခြောက် တပိဿာကို တချို့တွေဆိုရင် အသစ်ဝယ်ရတော့ ကျပ် ၅၀၀၀ ဈေးဝယ်ရတယ်၊ ဒါပေမဲ့ ၃၅၀၀ နဲ့ အရင်ဈေးနဲ့ သူတို့က ဈေးထပ်မတတ်ဘူး။ ဒီလိုမျိုးလေးတွေ ရောင်းပေးတာပေါ့၊ ဒီက လှူရတဲ့သူကလည်း နည်းနည်း အဆင်ပြေတာပေါ့နော်”လို့ ပြောပါတယ်။
ရေနစ်မြုပ်နေတဲ့အတွက် မဒေါက်မြို့အပြင် မြို့နဲ့ အနီးတဝိုက်က ရေနစ်မြုပ်တဲ့ ကျေးရွာတွေက စာသင်ကျောင်း ၂၀ နီးပါးကိုလည်း ပိတ်ထားရတာ ၂ ပတ်ရှိပြီလို့ မြို့ခံတွေက ပြောပါတယ်။
သီရိ