
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ မိုးအဆက်မပြတ် ရွာသွန်းနေလို့ မြေနိမ့်ပိုင်းမှာရှိတဲ့ ရပ်ကွက်တွေနဲ့ ကျေးရွာတွေက နေအိမ်တွေ ရေနစ်မြုပ်ပြီး လူသေဆုံးတာလည်း ရှိနေပါတယ်။
ကျောက်မဲမြို့နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းနေတာ သီတင်း ၂ ပတ်နီးပါး ရှိနေပါပြီ။ ဒါ့ကြောင့် မြစ်ရေ၊ ချောင်းရေတွေ မြင့်တက်လာပြီး မြေနိမ့်ပိုင်းမှာရှိတဲ့ စိုက်ပျိုးခင်းတွေ၊ လူနေရပ်ကွက်တွေနဲ့ ကျေးရွာတွေက နေအိမ်တွေနဲ့ သာသနိက အဆောက်အအုံတွေ ရေနစ်မြုပ်တာ၊ ကား၊ ဆိုင်ကယ်၊ ထော်လာဂျီနဲ့ အိမ်မွေးတိရစ္ဆာန်တွေ ရေထဲမျောပါတာတွေနဲ့ ကြုံတွေ့နေရတဲ့အပြင် လူသေဆုံးတာလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိ မိုးရေကြီးနေတဲ့ ကျောက်မဲမြို့နယ်အတွင်းမှာ နောင်ချိုမြို့နယ်က စစ်ဘေးရှောင်တွေ သောင်းနဲ့ချီပြီး ခိုလှုံနေကြပါတယ်။
နောင်ချိုစစ်ရှောင်တွေ အများဆုံးခိုလှုံနေတဲ့ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာ၊ ရပ်ကွက် ၅ မှာလည်း မိုးရေကြီးတဲ့ဒဏ်ကို ကြုံတွေ့နေရပါတယ်။ လက်ရှိမှာတော့ စစ်ဘေးရှောင်အများစု နေရပ်ပြန်သွားကြပြီလို့ ဆိုပါတယ်။
မိုးရွာသွန်းမှုရဲ့ နောက်ဆက်တွဲ ရေကြီးရေလျှံမှုကြောင့် ကျောက်မဲမြို့က လူနေရပ်ကွက်တချို့အပြင် နောင်ပိန်၊ ပုံဝိုး၊ ခိုအုံ၊ နောင်ကွမ်၊ ကောင်းလန်း၊ တုံလော၊ ခိုတင့်ကျေးရွာနဲ့ တခြားကျေးရွာတွေမှာ ရေလွှမ်းတာနဲ့ ကြုံတွေ့နေရပါတယ်။
အဲဒီလို ရေဘေးသင့်နေတဲ့ ကျောက်မဲမြို့နယ်ဘက်ကို အာဏာသိမ်း စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတာအပြင် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်နေလို့ အရပ်သားသေဆုံးတာနဲ့ ထိခိုက်ဒဏ်ရာရတာတွေလည်း ဆက်တိုက်ဖြစ်ပွားနေပါတယ်။