
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့မှာ မြေပြိုလို့ ဒေသခံတွေ သေဆုံးပြီး ကယ်ဆယ်ရေးအတွက် အကူအညီတွေ လိုအပ်နေပါတယ်။
သံတောင်ကြီးမြို့နဲ့ ကျေးရွာတွေမှာ မိုး ၂ ရက်ဆက်တိုက်ရွာပြီး မြေတွေပြိုကြလာလို့ ဒေသခံ ၉ ယောက် သေဆုံးပြီး လူနေအိမ်အလုံး ၂၀ ကျော် ပျက်စီးသွားခဲ့ပါတယ်။
လက်ရှိအချိန်ထိ အလောင်းတွေ လိုက်ရှာနေရဆဲမို့ သေဆုံးသူဦးရေက ထပ်တိုးဖို့ရှိနေပြီး ပျောက်ဆုံးနေတဲ့သူတွေလည်း စာရင်းမလုပ်နိုင်သေးဘူးလို့ ကယ်ဆယ်ရေးဝင်နေသူတယောက်က DVB ကို ပြောပြပါတယ်။
သံတောင်ကြီးမြို့ပေါ် လူနေအိမ်တွေ ထိခိုက်ပျက်စီးတာဖြစ်ပြီး ကျေးရွာတွေမှာတော့ ဥယျာဥ်ခြံမြေ ဧကထောင်နဲ့ချီ မြေလွှမ်းသွားပြီလို့ ဆိုပါတယ်။
ကယ်ဆယ်ရေးသမားတယောက်က “ဖြစ်တာကတော့ ၂၇ ရက်နေ့တည်းက စဖြစ်တယ်။ မိုးရွာပြီးတော့ ဥယျာဥ်ခြံမြေနဲ့ အိမ်ပြိုတာ ဖြစ်တယ်။ လူထိခိုက်သေဆုံးတာ မရှိသေးဘူး။ နောက် လေးရက် ငါးရက်မှာ ဆက်ဖြစ်တဲ့အခါမှာ လူသေဆုံးမှုတွေ ရှိလာတယ်။ ကယ်ဆယ်ရေးကတော့ မြို့ပေါ်က ကျနော်တို့အဖွဲ့တွေ တတ်နိုင်သလောက် လုပ်နေကြတယ်။ ပြင်ပကနေ ကယ်ဆယ်ရေးကတော့ လာလို့မရဘူး။ လမ်းမှာလည်း လမ်းပိတ်နေတဲ့အတွက်ကြောင့်မို့ တောင်ငူ-သံတောင်ကြီး တလမ်းပဲရှိတယ်လေ။ အဲ့မှာ လမ်းပိတ်နေတဲ့အတွက် ကျနော်တို့ကားလည်း သွားလို့မရဘူး။ လမ်းတွေပြင်နေတဲ့အချိန်မှာ ထပ်ဖြစ်လာတဲ့အတွက် လမ်းတွေပြင်တာ ခဏရပ်ပြီးတော့ အခု မြေတူးထုတ်နေတာတွေ လုပ်နေတယ်။ လူအားနဲ့ပဲ လုပ်ရတာပေါ့။ စက်ယန္တရားတွေ မရှိဘူး။ သစ်ပင်ပြိုလဲတာတွေလည်း လူအားနဲ့ပဲ လုပ်နေရတယ်။ အဓိကကတော့ Dead Body ရှာဖို့အတွက် လုပ်နေကြပါတယ်” လို့ ပြောပါတယ်။
သံတောင်ကြီးနဲ့ တောင်ငူ ဆက်ထားတဲ့ ကားလမ်းမှာလည်း မြေပြိုပြီး အပင်တွေလဲနေလို့ လူအင်အားနဲ့ စက်အင်အားတွေ လိုအပ်နေပါတယ်။
မြို့ထဲမှာတော့ လတ်တလော မီးလိုင်းနဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်နေပြီး မြို့ခံတွေကပဲ ကိုယ်ထူကိုယ်ထ ကယ်ဆယ်ရေး လုပ်နေရပါတယ်။
လက်ရှိ မြေပြိုမှုကြောင့် ရွာ ၆ ရွာထက်မနည်း ထိခိုက်ပျက်စီးခဲ့ပြီးတော့ ထီးပူခီးရွာ တရွာလုံးကို ရွှေ့ပြောင်းပေးထားတယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “မိုးက အခုထိလည်း ရွာနေတုန်းပဲ။ အိမ်ပြို မြေပြိုတော့ မြေတွေဖယ်ရှားဖို့ လူအင်အားလိုတယ်။ တောင်ပေါ်မှာလည်း ကျောက်ခဲတွေဆိုတော့ အိမ်ပြိုကုန်တော့ နေစရာလိုနေတယ်။ အိမ်တိုင်တွေလည်း လိုတယ်၊ သောက်ရေလည်း လိုနေပါတယ်” လို့ ပြောပါတယ်။
ဩဂုတ် ၄ ရက်ကစပြီး ၆ ရက်အထိ ဆက်တိုက်ရွာနေတဲ့မိုးကြောင့် တောင်ကျရေတွေစီးပြီး မြေပြိုကာ အခုလို ထိခိုက်သေဆုံးမှုတွေ ဖြစ်လာတာပါ။ သောက်သုံးရေရဖို့နဲ့ ပိတ်နေတဲ့လမ်းတွေ ရှင်းဖို့ အကူအညီ တောင်းခံထားကြပါတယ်။
ဩဂုတ် ၆ ရက် ညနေပိုင်းအထိ စစ်ကိုင်းတိုင်း အထက်ပိုင်းနဲ့ အောက်ပိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းတွေနဲ့ ပြည်နယ်တချို့မှာ မိုးထစ်ချုန်းရွာနိုင်ပြီး ကချင်၊ ကရင်၊ မွန်နဲ့ ရှမ်းပြည်နယ်တို့မှာ နေရာကွက်ကြား မိုးကြီးနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။
မောရစ်