
အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ဟိမဝန္တာတောင်တန်းဒေသမှာ ရုတ်တရက် ရေလွှမ်းမိုးမှုနဲ့ မြေပြိုမှု ဖြစ်ပွားခဲ့ရာ ဥတ္တရာခန်ပြည်နယ်ထဲက ဒါရလီကျေးရွာမှာ လူ ၄ ယောက် သေဆုံးပြီး အများအပြားလည်း ပျောက်ဆုံးနေကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ဩဂုတ် ၅ ရက်မှာ ပြောကြားခဲ့ပြီး အနည်းဆုံး လူ ၇၀ လောက်ကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းခိုင်းထားပါတယ်။
အင်္ဂါနေ့မှာ ရေကြီးရေလျှံမှု မြင့်တက်လာပြီး ရွှံ့ရေစီးကြောင်းက ဒါရလီရွာကို ဖြတ်စီး တိုက်ချသွားတာကြောင့် အနည်းဆုံး လူ ၄ ယောက် သေဆုံးသွားပြီး အယောက် ၅၀ ကျော် ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေနဲ့ ပြည်တွင်းရုပ်သံလိုင်းတွေက ပြောပါတယ်။
ရွှံ့မြေတွေက ဒါရလီရွာကို စီးမျောပိုင်းခြားသွားကာ တချို့နေအိမ်တွေ နစ်မြုပ်သွားရကြောင်း ပြည်နယ်ဝန်ကြီးချုပ် ရုံးခန်းက မျှဝေထားတဲ့ ဗွီဒီယိုအပ်ဒိတ်တခုအရ သိရပါတယ်။
ဥတ္တရာခန် ပြည်နယ်အကြီးအကဲ ပွတ်ရှ်ကား ဆင်းန်ဒမ်က “ကျနော်တို့ရဲ့ ဦးစားပေးကတော့ ပိတ်မိနေကြတဲ့ လူပုဂ္ဂိုလ် တဦးတယောက်ချင်းစီတိုင်းကို ဘေးလွတ်ရာ ပို့ပေးဖို့ပါပဲ” လို့ ပြောပါတယ်။
စစ်တပ်နဲ့ သဘာဝဘေးအန္တရာယ် တုံ့ပြန်မှုအဖွဲ့တွေဟာ အဲဒီဒေသကို ရောက်ရှိလာခဲ့ပြီး အပျက်အစီးတွေနဲ့ ရွှံ့နွံတွေအောက်မှာ ပိတ်မိနေသူတွေကို ဆွဲထုတ်ကယ်ဆယ်နိုင်ဖို့ အလုပ်သမားတွေနဲ့အတူ ကြိုးပမ်းနေကြတယ်လို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။
ဥတ္တရာခန်ပြည်နယ်ဟာ ရေကြီးမှုနဲ့ မြေပြိုတာတွေ ဖြစ်လေ့ဖြစ်ထရှိပြီး တချို့ပညာရှင်တွေကတော့ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်နိုင်တယ်လို့ ပြောဆိုပါတယ်။
အိန္ဒိယနိုင်ငံ ဟိမဝန္တာဒေသမှာ ရေခဲမြစ်ပေါင်း ၁၀,၀၀၀ လောက် ရှိထားပြီး ရေခဲမြစ် အတော်များများဟာ ပူနွေးတဲ့ ရာသီဥတုကြောင့် အရည်ပျော်ကျနေတာလည်း ဖြစ်ပါတယ်။
Source: Reuters