Home
မြန်မာသတင်း
သံတောင်ကြီးတွင် မိုးကြီး မြေပြို၊ လူ ၈ ဦး သေဆုံးပြီး နေအိမ်များ ပျက်စီး
DVB
·
August 6, 2025

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှာ သြဂုတ် ၄ ရက်နဲ့  ၅ ရက် ၂ ရက်ဆက်တိုက်  မိုးဆက်တိုက်ရွာပြီး မြေပြိုကျတာကြောင့် အနည်းဆုံး လူ ၈ ယောက် သေဆုံးပြီး နောက်ထပ် ပျောက်ဆုံးနေ သူတွေလည်းရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်‌။

သောက်ရေခပ်ချောင်းအနီး ထီးပူခီးရွာအပါအဝင် ကျေးရွာ ၆ ရွာထက်မနည်းမှာ မြေပြိုကျခဲ့တာကြောင့် ထီးပူခီးရွာတရွာလုံး ရွှေ့ပြောင်းနေထိုင်နေကြရတယ်လို့ ဒေသခံ တယောက်က ပြောပါတယ်။

“သောက်ရေခပ်ချောင်းအနားက ရွာတွေက ချောင်းအသေးလေးတွေနဲ့ တောင်ကျချောင်း‌ရေကြောင့် ရေကြီးလာတယ်။ ငလျင်ကလည်း လှုပ်ထားတဲ့ဒဏ်နဲ့ မြေတွေ လျော့လာတယ်။ အခုဆို သံတောင်မြို့ ၁၃ မိုင်ဘက်က တံတားသေးသေးလေးတွေလည်း ကျိုးသွားပြီ။ လူလည်း ၈ ယောက် သေပြီး ပျောက်နေတဲ့သူတွေလည်း ရှိတယ်။”

သေဆုံးသူတွေ အလောင်းကို ရှာဖွေနေဆဲဖြစ်ပြီး ပျောက်ဆုံးနေသူ အရေအတွက်ကိုတော့ အတိအကျ မသိရသေးပါဘူး။

သံတောင်ကြီးမြို့နယ်မှာ သြဂုတ် ၄ ရက်နေ့ကစပြီး မိုးသည်းထန်စွာ ရွာသွန်းနေတဲ့အပြင် ငလျင်ဒဏ်‌ကြောင့် အက်နေတဲ့ မြေနေရာတွေကနေ ပြိုကျတာဖြစ်ပြီး ‌အကူအညီတွေ လိုအပ်နေတယ်လို့  ဒေသခံတယောက်က ပြောပါတယ်။

“မိုးက အခုထိလည်း ရွာနေတုန်းပဲ။ အိမ်ပြိုမြေပြိုတော့ မြေတွေ ဖယ်ရှားဖို့ လူအင်အားလိုတယ်။ တောင်ပေါ်မှာလည်း ကျောက်ခဲတွေဆိုတော့။ အိမ်ပြိုကုန်တော့ နေစရာလည်း လိုတယ်။ အိမ်တိုင်တွေ ဘာတွေလည်း လိုတယ်။ သောက်ရေလည်း လိုနေပါတယ်။”

ဇူလိုင် ၂၅ ရက်လောက်ကစပြီး နေ့စဥ်ရက်ဆက် မိုးရွာပြီးတဲ့နောက် သြဂုတ် ၄ ရက်မှာတော့ မြေပြိုတာကြောင့် ဥယျာဥ်တဲမှာ နေနေတဲ့ အမျိုးသားတွေ မြေပိကုန်တာလို့ သိရပါတယ်။

ဒေသခံအမျိုးသမီးတယောက်က “မြေပြိုတာက အရင်အပတ် ၂၇ ရက်က တကြိမ်၊ မနေ့ညက တကြိမ်။ မနေ့ညကတော့ တဲမှာ ညအိပ်တဲ့ လူ ကျား ၄ ဦး ပါသွားပြီး တဦးက လွတ်မြောက်၊ ကျန် ၃ ဦးက အသက်ဆုံးရှုံးကြရပါတယ်။ သံတောင်ကြီးမြို့ပေါ်မှာတော့ နေအိမ် ၁၇ လုံး ထိခိုက်ပျက်စီးမှု ရှိပါတယ်။ လုံးဝပျက်စီးသွားတာတော့ ၃ လုံးပေါ့။ နောက်ထပ် Dead Body တယောက် တွေ့တယ်။ ပျောက်ဆုံးတွေကို ရှာနေကြတုန်း” လို့ ပြောပါတယ်။

မြေပြိုမှုကြောင့် သေဆုံးခဲ့ရသူတွေထဲမှာ အသက် ၆၇ နှစ်အရွယ် ဦးရွှေဝင်း၊ အသက် ၅၇ နှစ်အရွယ် ဦးအော်လယ်၊ အသက် ၅၄ နှစ်အရွယ် ဦးနိုးစက်၊ လူငယ် ခွာစီတို့ပါဝင်တယ်လို့ သိရပါတယ်။

တောင်ပေါ်ဒေသမှာ မိုးများပြီး ဥယျာဥ်ခြံမြေ စိုက်ပျိုးထားတဲ့ တောင်ပေါ်ကနေ မြေပြိုကျလာတာကြောင့် ဥယျာဥ်တဲတွေလည်း မြေပိပျက်စီးသလို မြို့ပေါ်က နေအိမ် ၁၇ လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အခုလက်ရှိအချိန်အထိ မိုးရွာနေပြီး ချီးစက်ကုန်းရပ်ကွက်မှာရှိတဲ့ နေအိမ်တွေလည်း အန္တရာယ်ရှိတဲ့အတွက် နေရာရွှေ့ပြောင်းနေကြသလို ပိုးခယ်လော်ချောင်းကလည်း ရေမြင့်တက်လာတယ်လို့ သိရပါတယ်။

သံတောင်ကြီးမြို့ဟာ ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်အစပ်မှာရှိတဲ့ တောင်ပေါ်မြို့တမြို့ဖြစ်ပြီး နှစ်စဉ် မြေပြိုမှုတွေရှိတာကြောင့် လူသေဆုံးမှုတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

တောင်‌ပေါ်ဒေသတွေမှာ သြဂုတ် ၆ ရက် မနက်ပိုင်းကနေ နေ့လယ်အထိ မိုးကြီးပြီး မြေပြိုတာတွေ ဖြစ်နိုင်လို့ ကြိုတင်ပြင်ဆင်ပြောင်းရွှေ့နေထိုင်ကြဖို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်တာ သတိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024